ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ ယူနက်စကိုရုံးချုပ်တွင် ကျင်းပ ပြုလုပ်သော မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက် -
၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ ယူနက်စကိုရုံးချုပ်တွင် ကျင်းပ ပြုလုပ်သော မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအခမ်းအနား၌ မသန်စွမ်းသူများအတွက် သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့်သင်ကြားပေးရေးဆိုင်ရာ ကျွမ်းကျင်သူများ ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူ အဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၌ မသန်စွမ်းသူများအတွက် သတင်းအချက်အလက် နည်းပညာသင်ကြားရေးဌာန ဖွင့်လှစ်သွားနိုင်ရေးအတွက် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် သဘောတူ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်း အစီအစဉ်အရ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူနက်စကိုမှ သင်ရိုးညွှန်းတမ်း ပြုစုရေးသားနိုင်ရေး အထောက်အပံ့ပေးမည် ဖြစ်ပြီး မိုက်ခရိုဆော့ (အာရှရုံးခွဲ)က လိုအပ်မည့် နည်းပညာဆိုင်ရာ အကူအညီပေးမည်ဖြစ်ပြီး ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက လိုအပ်သော အဆောက်အဦ မွမ်းမံခြင်းနှင့် ကွန်ပျူတာသင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ Center of Excellence ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ၎င်းစင်တာသည် မသန်စွမ်းများအတွက် အရှေ့တောင်အာရှတွင် ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဟန်သူ လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။