စစ်မှန်ပြီး လက်တွေ့ကျတဲ့ လူငယ်မူဝါဒ တစ်ရပ်ပေါ်ထွန်းလာစေရေး လူငယ်များ ကိုယ်တိုင် ပါဝင်ရေးဆွဲရမှာဖြစ်ကြောင်း

ကယားပြည်နယ်၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက် -

      ပြည်သူ့အစိုးရအဖွဲ့သစ်အနေနဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ၊ အမျိုးသားရင်ကြားစေ့ရေး၊ ဥပဒေနှင်‌့အညီ ပြည်သူကို အကာအကွယ် ပေးနိုင်တဲ့ အုပ်ချုပ်စီမံမှု စနစ်ပေါ်ပေါက်ရေး၊ တိုင်းရင်းသားအားလုံး စုစည်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးနှင်‌့ ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်လျှက်ရှိပါြကောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင်‌့ မွေးကင်းစမှ သက်ကြီးရွယ်အို အထိ လူမှုကာကွယ်စောင်‌့ရှောက်ရေးလုပ်ငန်းများနှင်‌့ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင်‌့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်သူနဲ့ အနီးစပ်ဆုံးနေပြီး ပြည်သူယုံကြည်မှု ရရှိအောင် လုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင်‌့အညီ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင်‌့ ပြည်သူများ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့ အစည်းများနှင်‌့ ချိတ်ဆက်၍ ကွန်ယက်တစ်ခု ထူထောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ အစိုးရသည် ပြည်သူ့ အစိုးရ ဖြစ်သည်‌့အတွက် ပြည်သူများတွင် ပါဝင်သော လူငယ်များ၏ အစိုးရလည်းဖြစ်ပါကြောင်း၊ လူငယ်များသည် အနာဂတ်အတွက် အရေးကြီးသူများဖြစ်၍ စနစ်တကျစုစည်း ပျိုးထောင်ပေးရေးနှင်‌့ အကျိုးရှိပြီးလက်တွေ့ကျတဲ့ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက်လာ စေရေး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လူငယ်မူဝါဒရေးဆွဲရာတွင် လူငယ်ထုရဲ့ဆန္ဒဖြင့် ရွေးကောက်ထားတဲ့ လူငယ်ကိုယ်စားလှယ်များအနေနဲ့ အများဆန္ဒနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အနည်းစုရဲ့ဆန္ဒကိုလည်း အလေးထားရမည် ဖြစ်ကြောင်း၊ လူငယ်မူဝါဒ စနစ်တကျပေါ်ပေါက်လာစေရေး လူငယ်ထုတစ်ရပ်လုံးနှင်‌့ လူငယ်ကိုယ်စားလှယ် များက ညီညီညွတ်ညွတ် ဆောင်ရွက်နေသည်ကို တွေ့မြင်သိရှိရ၍ ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ပြောကြားပါသည်။

      ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ဦးဆောင်၍ လူငယ်မူဝါဒကို လူငယ်များ ကိုယ်တိုင် ပါဝင်ရေးဆွဲရေး ထည်‌့သွင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ကယားပြည်နယ်ကိုယ်စားပြု လူငယ် ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေး ဆောင်ရွက်လျှက်ရှိပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ လူငယ်ကိုယ်စားလှယ်များက ၎င်းတို့၏ လိုလားချက်၊ ဆောင်ရွက်ထားရှိမှု နှင်‌့ ဆက်လက်ဆောင်ရွက်မည်‌့ အစီအမံများအား ရှင်းလင်းတင်ပြပါသည်။

      ထို့နောက် ကယ်ဆယ်ရေးနှင်‌့ ပြန်လည်နေရာ ချထားရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များ ရယူပေးပို့နိုင်သော DAN Mobile Application နှင်‌့ KOBO Mobile Application အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ လက်ကိုင်ဖုန်းများသို့ Mobile Application များ ထည်‌့သွင်းပေး ပါသည်။

      အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူငယ်များနှင်‌့ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ တက်ရောက်ပါသည်။

      မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်မူလတန်းကြိုကျောင်းနှင်‌့ ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံတို့ကို သွားရောက်ကြည့်ရှုပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter