စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်ခြင်း
နေပြည်တော်၊အောက်တိုဘာ ၁၅
အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး(4th ASEAN Ministerial Meeting on Women – 4th AMMW)ကို (၁၅.၁၀.၂၀၂၁)ရက်နေ့၊ မြန်မာ စံတော်ချိန်နံနက်(၀၈:၃၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး အလှည့်ကျသဘာပတိဖြစ်သော အင်ဒိုနီးရှားနိုင်ငံမှ နှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ အင်ဒိုနီးရှားနိုင်ငံသမ္မတ၏ အမှာစကားအား video message ဖြင့် ပြသခြင်း၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေး အလှည့်ကျသဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် ဗီယက်နမ်နိုင်ငံတို့မှ အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
အစည်းအဝေးအစီအစဉ်အရ (၄)ကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “Digital Economy and Financial Inclusion for Improving ASEAN Women’s Competitiveness” နှင့်စပ်လျဉ်း၍ အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က အတွေ့အကြုံနှင့်အမြင်များ ကို အသီးသီး ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးများ စီးပွားရေးစွမ်းဆောင် ရည်မြှင့်တင်ရေးနှင့် ငွေကြေးလက်လှမ်းမှီမှုတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကရှင်းလင်းတင်ပြရာတွင် ကျား၊မတန်းတူ ညီမျှရေး၏ အရေးပါမှုနှင့် ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ပံ့ပိုးပါဝင်မှုများကို အသိအမှတ်ပြုလျက် ဒီဂျစ်တယ်စီးပွားရေးနှင့် ငွေကြေးလက်လှမ်းမီမှုတွင် ကျား၊ မတန်းတူညီမျှရေးအတွက် ဆောင်ရွက်သွားရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ကတိကဝတ် ပြုပါကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW)ပါအချက်များကို အခြေခံပြီး ဘေဂျင်းလုပ်ငန်းစီမံချက်၏ ဉီးစားပေးနယ်ပယ်များနှင့်အညီ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ထိုစီမံကိန်းတွင် “အမျိုးသမီးများနှင့်စီးပွားရေး”ကဏ္ဍကို ဦးစားပေးနယ်ပယ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ထားပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(Myanmar Sustainable Development Plan-MSDP) ကို ရေးဆွဲခဲ့ပြီး ကျား၊မရေးရာကို ထည့်သွင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသမီးများ ငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက် နိုင်ရေးနှင့်စပ်လျဉ်း၍ MSDP တွင် သီးသန့် action plan အဖြစ် ထည့်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် မြန်မာနိုင်ငံသည် အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေး ကဏ္ဍတည်ဆောက်ရေး လမ်းပြမြေပုံ (၂၀၁၅-၂၀၂၀)ကို ပြန်လည်သုံးသပ်ပြီး (၂၀၁၉-၂၀၂၃) ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါ လမ်းပြ မြေပုံများတွင် ကျား၊မရေးရာကိစ္စကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာဖြင့် အစိုးရမှပြည်သူ သို့ပံ့ပိုးမှုပေးသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးပံ့ပိုးမှုအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ် (ငွေဗိုက်)ကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ Digital Payment ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး တစ်ကြိမ်တည်း ထောက်ပံ့မှုအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး(၉)ခုမှ အကျိုးခံစားခွင့်ရှိသူ ၂၆၀,၀၀၀ ဦး နီးပါးကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် အီလက် ထရောနစ်စနစ်ဖြင့် ငွေကြေး ထောက်ပံ့မှုကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေး ၁၂၆,၀၀၀ ဉီးကျော် ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ အစီအစဉ်များသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဒစ်ဂျစ်တယ်နှင့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်မှုအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါကြောင်း၊ အမျိုးသမီးများအတွက် အွန်လိုင်းဖြင့် မိုဘိုင်းဖုန်းအသုံးပြုသည့် ငွေကြေးဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီကို (၇-၇-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကော်မတီသည် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံကို ပြောင်းလဲနေသည့် အခြေအနေများနှင့်အညီ ပြင်ဆင်ရေးဆွဲလျက် ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကုန်ထုတ်လုပ်ရေးနှင့် အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုများစသည့် အမျိုးသမီးများအများစုပါဝင်သည့် ကဏ္ဍများကို ဦးစားပေး ကဏ္ဍများအဖြစ်ချမှတ်ထားသဖြင့် လမ်းပြမြေပုံသည် အမျိုးသမီးများအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အစိုးရ၏ ဒီဂျစ်တယ် စီးပွားရေးနှင့်ငွေရေး ကြေးရေး ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများတွင် အစိုးရမဟုတ်သော စီးပွားရေးဆိုင်ရာအသင်း/အဖွဲ့အစည်းများမှလည်း အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအတွက် စွမ်းရည်မြှင့်အစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် ပါဝင်ပံ့ပိုးလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ကုစားမှုတွင် ဒီဂျစ်တယ်စီးပွားရေးသည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပြီး အားလုံးအကျုံးဝင် ပါဝင်နိုင်စေရေးအတွက် စွန့်ဦး တီထွင် လုပ်ငန်းများနှင့် ငွေရေးကြေးရေးလုပ်ငန်းများတွင် အမျိုးသမီး စွမ်းဆောင်ရည်မြင့်မားလာစေရန် တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ စီးပွားရေးစွမ်းပကား မြှင့်တင်ခြင်း နှင့် ငွေရေးကြေးရေးလက်လှမ်းမီခြင်းတို့သည် ကျား၊မရေးရာတန်းတူညီမျှမှု ရရှိရေးအတွက် များစွာအရေးပါသဖြင့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင် မျှော်မှန်းချက် ၂၀၂၅ နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရန် ယနေ့ အစည်းအဝေး၏ ဆောင်ပုဒ်( Theme) သည် ထိရောက်သည့် လမ်းညွှန်ချက်တစ်ခုဖြစ်သည်ဟု မိမိတို့အနေဖြင့် အခိုင်အမာ ယုံကြည်ပါကြောင်း၊ ဒီဂျစ်တယ် စီးပွားရေးနှင့် ငွေရေးကြေးရေး လက်လှမ်းမီမှုတို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံစီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်(MERP) အပါအဝင် ရှေ့လာမည့် မူဝါဒများနှင့်အစီအစဉ်များအားလုံးတွင် ကျား၊မရေးရာအရ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်ရေးအတွက် ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက် အဖွဲ့အစည်း များ ၏ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုပါကြောင်း ၊ ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးအဆင့်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျင်းပမည့်ကာလနှင့် နေရာတို့အား အသိပေးဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးအစီအစဉ်အရ UNESCAP မှ တာဝန်ရှိသူတစ်ဉီးက ASEAN-ESCAP Joint Report on Addressing Unpaid Care Work in ASEAN ကို အကျဉ်းချုပ်တင်ပြခြင်းနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ အမျိုးသမီး ရေးရာဝန်ကြီးအဆင့် အစည်းအဝေးပူးတွဲ ကြေညာချက်အား အတည်ပြုခြင်း၊ စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး အလှည့်ကျသဘာပတိက နိဂုံးချုပ်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၁:၄၅)နာရီ တွင် ရုပ်သိမ်းခဲ့ပါသည်။
စတုတ္ထအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်မှ (၁၅)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြ ပါသည်။