၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

     ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရင်သွေးရတနာမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူလတန်းကြိုကျောင်းများမှ ဆရာမများ၊ ဆုရရင်သွေးငယ်များ တက်ရောက်ခဲ့ကြပါသည်။ 
    ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုပြိုင်ပွဲများ၌  ဆုရရှိသည့် ရင်သွေးငယ်များအား ဆုချီးမြှင့်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဗဟိုချက်ဌာနအဖြစ် ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများအနက် ကလေးသူငယ်များကိုယ်တိုင်ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းသည်လည်း အခွင့်အရေးတစ်ရပ်အဖြစ်ပါဝင်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးများနေ့အဖြစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကို သတ်မှတ်ခဲ့ပြီး ယင်းနေ့သို့ ကျရောက်တိုင်း ကလေးများနှင့်အတူ ပျော်ပွဲရွှင်ပွဲများကျင်းပဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ ကလေးများအနေဖြင့် နိုင်ငံ့ခေါင်းဆောင်များကို စံပြပုဂ္ဂိုလ်အဖြစ် အားကျအတုယူတတ်စေရန်၊ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိပြီး ကလေးများအားလုံး ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝအကောင်အထည်ဖော်ရာတွင် ကလေးများအားလုံး ပါဝင်ဆောင်ရွက်စေမှုနှင့်အတူ မိသားစုများနှင့် ပြည်သူလူထုမှ တက်တက်ကြွကြွပါဝင်လာစေရန်တို့ဖြစ်ပါကြောင်း၊ မွေးစမှအသက် (၈) နှစ်ထိဖြစ်သော ရှေးဦးအရွယ် ကလေးသူငယ်ကာလသည် လူတိုင်းအတွက် အဓိကအရေးပါသောနှစ်များဖြစ်ပြီး ခန္ဓာကိုယ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသော ကာလများဖြစ်သဖြင့် အဆိုပါ ကာလများအတွင်း ကလေးငယ်ရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုသည် အခြားသောကာလများထက် ပိုမိုလျင်မြန်လာပြီး ကလေးတစ်ဦးရဲ့ဖွံ့ဖြိုးမှုဟာ မွေးရာပါစွမ်းရည်သဘာဝနဲ့ ပတ်ဝန်းကျင်မှ ပံ့ပိုးမှုဆိုတဲ့ ပြုစုပျိုးထောင်ခြင်းတို့ အပြန်အလှန်ဆက်သွယ်နေပါကြောင်း၊ ထို့ကြောင့် ကလေးများကိုဂရုတစိုက်ရှိပြီး အားပေးကူညီမှုရှိတဲ့ လှုံ့ဆော်မှုရှိသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရှိ လူသားအရင်းအမြစ် ပြည့်ဝမှန်ကန်စွာဖွံ့ဖြိုးဖို့ အင်မတန်အရေးကြီးလှပါကြောင်း၊ ထို့အပြင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ်သတ်မှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် (၁၆.၃.၂၀၂၀) ရက်နေ့က စတင်၍ ခေတ္တပိတ်ထားခဲ့ရပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ (၁၅.၁၁.၂၀၂၁) ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်၍ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  ကလေးများကို နည်းမှန်လမ်းမှန် စနစ်တကျပြုစု စောင့်ရှောက်မှုပေးခြင်းဖြင့် ကလေးတိုင်းဘက်စုံဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါသဖြင့် အရည်အသွေးများ မြင့်မားလာစေကာ အနာဂတ်အတွက်ကောင်းမွန်တဲ့အခြေခံအုတ်မြစ်များ ဖြစ်လာအောင် ရင်သွေးငယ်များကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်တတ်သူများ ဖြစ်လာစေရေးအတွက် ဆရာမများ၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ နေပြည်တော်ကလေးပြုစုရေးဌာနမှ ကလေးငယ်လေးများက မြန်မာပြည်မှာ သီချင်းဖြင့်လည်းကောင်း၊ အကြိုလှုပ်ရှားမှု ပြိုင်ပွဲများတွင် ပထမဆုရရင်သွေးငယ်လေးများမှ ကဗျာ၊ သီချင်းများဖြင့်လည်းကောင်း တင်ဆက်ခဲ့ပြီးနောက် ဆုရရင်သွေးငယ်လေးများအား ပြည်ထောင်စုဝန်ကြီးနှင့်တကွ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဆုများချီးမြှင့်ခဲ့ကြပါသည်။
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကလေးငယ်များအား ပေါင်မုန့်နှင့် ပဲနို့အာဟာရများ ပေးဝေခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် (၃) တို့နှင့်တကွ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမများနှင့် ကလေးများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter