လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (၁၇) ကြိမ်မြောက် ဝန်ကြီးဌာနမိသားစု၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (၁၇)ကြိမ်မြောက် ဝန်ကြီးဌာနမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ 

     အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမတံခွန်တိုင်ကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဝါယမ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချူပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချူပ်များမှ ဆရာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

    ဆက်လက်၍ ပျဉ်းမနားမြို့ ကိုးခန်းကြီးကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော် သဒ္ဒမ္မဇောတိကဓဇ၊ သာသနာဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဘဒ္ဒန္တအာစိဏ္ဏ မထေရ်မြတ်က အနုမောဒနာတရားချီးမြှင့်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
    
 

FacebookTwitter