အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၃၀.၉.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ အမျိုးသမီးနှင့်ကလေးဘဝမြှင့်တင်ရေးအဖွဲ့မှ ဥက္ကဌများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဘိုးဘွားရိပ်သာများမှ ကိုယ်စားလှယ်များ၊ ကန်ကော့ခံဘိုးဘွားများနှင့် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ ဘိုးဘွားများစုစုပေါင်း (၂၄၅) ဦးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ အဘိုး ဓနုဖြူစိုးသိန်း ရေးသားသီးကုံးသော သက်ကြီးရွယ်အိုများနေ့ ပဏမာတေးသီချင်းဖြင့်သီဆိုခြင်း၊ ပန်းချီဆရာ အဘိုးဦးလှအောင် မှ သီချင်းတစ်ပုဒ်စုတ်ချက်တစ်ရာ အစီအစဉ်ဖြင့် ပန်းချီလက်စွမ်းပြသခြင်း၊ ဘိုးဘွားများမှ Zumba အကဖြင့် ဖျော်ဖြေခြင်းများဖြင့် တင်ဆက်ခဲ့ကြပါသည်။ ဆက်လက်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ ဒဂုံမြေသက်ကြီးသူများဦးဆောင်သော လူမှုအားမာန်အဖွဲ့(ISHG) ဥက္ကဌဦးအောင်မြင့်မှ လူမှုအားမာန်အဖွဲ့(ISHG) အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ဝန်ကြီးများ၊ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးမှ အသက်အကြီးဆုံးအဘိုး ဦးကျင်ပါ အသက် (၁၁၂)နှစ်အား ဂုဏ်ပြုငွေ ကျပ် ၂၇၈,၀၀၀/- ၊ အသက်(၈၅)နှစ်နှင့်အထက် ဂုဏ်ပြုခံဘိုးဘွား (၄၂)ဦးအား တစ်ဦးလျှင် ကျပ် ၁၈၆,၀၀၀/-၊ ဖျော်ဖြေရေးအစီအစဉ်တင်ဆက်ခဲ့သော ဘိုးဘွားများနေ့ပိုင်းပြုစုစောင့်ရှောက်ရေးဂေဟာမှ အဘိုးအဖွဲ့(၃)ဖွဲ့အား တစ်ဖွဲ့လျှင် ၆၅၈,၀၀၀/- ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြပါသည်။ အခမ်းအနားသို့ မလာရောက်နိုင်သော ရန်ကုန်တိုင်းဒေသကြီးမှ အသက်အကြီးဆုံး အဘွား(၂)ဦး ဖြစ်သည့် သန်လျင်ခရိုင်မှ ဒေါ်လှကျင် အသက်(၁၁၁)နှစ်၊ မရမ်းကုန်းခရိုင်မှ ဒေါ်ရှုယဉ် အသက်(၁၁၁)နှစ်တို့အား သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခဲ့ကြပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးရှိ ဘိုးဘွားရိပ်သာ(၁၁)ခုအား (၁)ခုလျှင် ကျပ်သိန်း (၁၀၀)စီကိုလည်းကောင်း၊ ဘိုးဘွားများနေ့ပိုင်းပြုစုစောင့်ရှောက်ရေးဂေဟာအတွက် ကျပ်သိန်း(၇၀)ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဂုဏ်ပြုခံဘိုးဘွားများကိုယ်စား သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှ အဘိုးဝါးခယ်မဦးရဲမောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကျပ်၁၂၇,၆၂၀,၀၀၀/-ဂုဏ်ပြုခဲ့ပါသည်။