လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ တံခွန်တိုင်ကျောင်းတိုက်ဆရာတော် ဦးစီးပဓါန နာယက၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဝါယမ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ညွှန်ကြားရေးမှူးချူပ်၊ ဒုတိယညွှန်ကြားရေးမှူးချူပ်တို့မှ ဆရာတော်များအား ကထိန်လျာသင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် ဆွမ်း၊ ဆွမ်းဟင်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ကိုးခမ်းကြီးကျောင်းတိုက် ဦးစီးပဓါန နာယက၊ သဒ္ဒမ္မဇောတိကဓဇ၊ သာသနာဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ သဒ္ဒန္တအာစိဏ္ဏ မထေရ်မြတ်က ကထိန်အနုမောဒနာတရားနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ယနေ့ကျင်းပပြုလုပ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (၁၇) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား၌ ဝတ္ထုငွေသား (၂၉၇၆၇၀၀) ကျပ်နှင့် ပစ္စည်းတန်ဘိုး (၃၂၀၃၉၀၀) ကျပ်၊ စုစုပေါင်း (၆၁၈၀၆၀၀)ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။