Gender ၊ CEDAW၊ NSPAW ၊ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်လှစ်ခြင်း (နေပြည်တော်)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့၊ နေ့လယ် (၁၁ : ၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ သင်တန်းသား (၃၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျား၊ မတန်းတူညီမျှရေးသည် လူမှုရေးကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမဖြစ်ပွားစေရန်နှင့် အမျိုးသမီးများအား ကာကွယ်ရန်အတွက် ဥပဒေပြဋ္ဌာန်းပြီး ပြည်သူများသိအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနသည် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် One Stop Women Support Center (OSWSC) များ ဖွင့်လှစ်ခြင်း၊ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Case Management Information System (CMIS) အတွက် Software ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် CEDAW အား အတည်ပြုလက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည့်အတွက် CEDAW ပါ ပြဋ္ဌာန်းချက်များအား နိုင်ငံ၏တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ NSPAW Phase II ရေးဆွဲရာတွင် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် Ownership ယူ၍ ရေးဆွဲသွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ UNSCR 1325 နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် Joint Communique ရေးထိုးထားပြီး တစ်နှစ်စီမံကိန်းဆောင်ရွက်၍ progress reportကို ပုံမှန်တင်သွင်းလျက်ရှိပါကြောင်းနှင့် စီမံချက်သက်တမ်းတိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ဌာနများ၏ ဆောင်ရွက်ချက်များတွင် ကျား၊မရေးရာကို ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်းဖြင့် အမျိုးသမီးပါဝင်မှု ပိုမိုမြင့်မားလာစေရန်အတွက် ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
Gender ၊ CEDAW၊ NSPAW ၊ UNSCR 1325 အသိပညာပေးသင်တန်းကို ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများက နံနက် (၀၉ : ၀၀ )နာရီမှ ညနေ (၁၇ : ၃၀) နာရီထိ ဖွင့်လှစ်ပို့ချခဲ့ပါသည်။