လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ စေတနာ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးတက်ရောက်
နေပြည်တော်၊ မေ (၃၁) -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၃၁.၅.၂၀၁၆) ရက်နေ့၊ နံနက်(၉း၃၀) အချိန်တွင် နေပြည်တော်၊ အမရာဟိုတယ်၌ ကျင်းပပြုလုပ်သည့် “ Seminar on Volunteerism in Myanmar ” သို့တက်ရောက်၍ အမှာစကား ပြောကြားရာတွင် ပြည့်သူအစိုးရသစ်အနေဖြင့် ရက်(၁၀၀)စီမံချက်ကို လက်ရှိအကောင်အထည် ဖော်လျက်ရှိရာ၌ စေတနာ့ဝန်ထမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ဤဝန်ကြီးဌာနသည် လူငယ်ဆိုင်ရာနှင့်ပတ်သက်၍ အဓိက တာဝန်ယူ ဆောင်ရွက်နေရသော ဝန်ကြီးဌာန တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူငယ်မူဝါဒကို UNFPA နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအတွင်း ရေးဆွဲရန် စီစဉ်လျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်၊ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ၏ (၁၇.၈၁%) သည် အသက်(၁၅)နှစ်မှ(၂၄)နှစ် အတွင်းရှိသော လူငယ်များဖြစ်ကြောင်း၊ ယင်းလူငယ်များသည် နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သော လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြောင်း၊
မြန်မာနိုင်ငံတွင် လူငယ်မူဝါဒ အကောင်အထည်ဖော်ရာ၌ စေတနာ့ဝန်ထမ်းလူငယ်များ ပူးပေါင်းပါဝင်ရေးဆွဲရန် စီစဉ်ထားရှိကြောင်း၊ ဤဝန်ကြီးဌာနအနေဖြင့်လည်း ၂၀၁၄ ခုနှစ်၊ မေလမှစတင်၍ ၂၀၁၆ ခုနှစ်၊ မေလအထိ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်နည်းပြသင်တန်း (၂၆)ကြိမ်တွင် သင်တန်းသားဦးရေ (၁၃၉၁)ဦး၊ လူငယ်ဆင့်ပွားသင်တန်း (၆၆)ကြိမ်တွင် သင်တန်းသား(၂၀၁၅)ဦး၊ လူငယ်မွမ်းမံသင်တန်း (၁၂)ကြိမ်တွင် သင်တန်းသားဦးရေ (၆၇၇)ဦးနှင့် လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်နည်းပြ သင်တန်း(၂၆)ကြိမ်တွင် သင်တန်းသားဦးရေ (၁၃၈၉) ဦး၊ လူငယ်မွမ်းမံ သင်တန်း (၁၂) ကြိမ်တွင် သင်တန်းသားဦးရေ (၆၄၀) ဦး၊ လူငယ်ဆင့်ပွားသင်တန်း (၁၀၁) ကြိမ်တွင် သင်တန်းသားဦးရေ (၃၄၀၃) ဦးဖြင့် အသီးသီး ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် Youth Volunteer များ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန်အတွက် “ Piloting DRR Youth Volunteer Network in Myanmar ” ကို UNV,UNDP, UNICEF တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်များတွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ စေတနာ့ဝန်ထမ်း လူငယ်များကို ခိုင်မာစွာ ဖွဲ့စည်းရန်နှင့် ချိတ်ဆက်ဆောင်ရွက်မှုအတွက် ကွန်ယက်ထူထောင်နိုင်ရန် ပေါင်းစပ်ဆောင်ရွက်ခြင်း စီမံချက်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာ့ဝန်ထမ်း လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓါတ် စည်းကမ်းပညာ အရည်အသွေးပြည့်ဝမှု၊ တီထွင်ကြံဆနိုင်မှု၊ လူမှုဆက်ဆံရေး ကောင်းမွန်မှုနှင့် နိုင်ငံတော်ကို ချစ်စိတ်ရှိမှုနှင့် ပြည့်စုံရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ကိုယ်စားလှယ် အရာရှိကြီးများ၊ AIESEC, AVI, Cuso International, JICA, KOICA, Peace Corps, UN Volunteers and VSO စသည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။