နေပြည်တော်၊ သြဂုတ်လ (၁၅) ရက် -

      မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ လှူဒါန်းငွေကျပ်(၈၇၅၀၀၀၀ိ/-)အား အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှလည်းကောင်း၊ ဝန်ကြီးဌာနအမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေကျပ် (၅)သိန်းနှင့် ဝန်ကြီးဌာနမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းခွဲမှ လှူဒါန်းငွေကျပ်(၅)သိန်း စုစုပေါင်းလှူဒါန်းငွေကျပ်(၁၀)သိန်းအား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးတို့မှ ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

၁။ မိုးရွာသွန်းမှုများပြီး မြစ်ရေလျှံတက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့ရှိ၊ မြသက်သာဘုန်းတော်ကြီးကျောင်းတွင် ယာယီဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်းသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဝန်ကြီးဌာနတာဝန်ရှိသူများ လိုက်ပါလျက် ရောက်ရှိကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥက္ကံမြို့ ဝန်းကျင် ဒေသတစ်ဝိုက်တွင် လှိုင်မြစ်ရေစတင် လျော့နည်းလာပြီ ဖြစ်သော်လည်း ပြန်လည်အခြေချနေနိုင်ရန်အတွက် ရက်အနည်းငယ် လိုအပ်နေသဖြင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ရေဘေးရှောင်စခန်းများသို့ မလာရောက်ဘဲ ကျေးရွာများတွင် ကျန်ရှိနေခဲ့သည့် ပြည်သူများအတွက်လည်း ထောက်ပံ့မှုများ စနစ်တကျရောက်ရှိရေးနှင့် ထောက်ပံ့မှုများကို မျှမျှတတရရှိနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့ပါသည်။ ထို့နောက် ရေဘေးရှောင်ပြည်သူများအတွက် ထပ်မံထောက်ပံ့ငွေ (၅၃၂၇၇၀၀ိ/_)ကျပ်နှင့် ထပ်မံပြောင်းရွှေ့ရောက်ရှိလာသော ရေဘေးရှောင်မိသားစု(၇၉)စုအတွက် Family Kit များကိုထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ်လ (၁၀) ရက် -

      လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို လက်ဆင့်ကမ်း တာဝန်ယူကြရမည်ဖြစ်ရာ လူငယ်များ ကျန်းမာ ကြံ့ခိုင်ခြင်း၊ ဉာဏ်ပညာထက်မြတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်းနှင့် ဆန်းသစ်တီထွင်နိုင်ခြင်းစသည့် အရည်အချင်းများနှင့်ပြည့်စုံပြီး လူငယ်တို့၏အခွင့်အရေး ရပိုင်ခွင့်များကို ထုတ်ဖော်တင်ပြခွင့် ရနိုင်ရေးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် စနစ်တကျပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်မူဝါဒတစ်ရပ် ပေါ်ပေါက်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲ ရလဒ်များကို အသိပေးဆွေးနွေးခြင်း၊ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ယနေ့နံနက်က ကျင်းပရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

၁။ နိုင်ငံအဝှမ်းမိုးများပြီး မြစ်ရေလျှံတက်မှု ဖြစ်ပေါ်လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် ပန်းလှိုင်မြစ်ရေသည် ညောင်တုန်းမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး မြစ်ရေလျှံတက်လျက် ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ညောင်တုန်းမြို့သို့ ရောက်ရှိရာ ယာယီဖွင့်လှစ်ထားရှိထားသော ရေဘေးစီမံခန့်ခွဲမှု ကွပ်ကဲရေးရုံးသို့ သွား‌ရောက်ပြီး နယ်မြေခံ လူမှုအဖွဲ့အစည်းများ၊ ဧရာဝတီဖောင်ဒေးရှင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်း၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း၊ အခြားလူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်မည့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို ညှိနှိုင်း၍ ဆက်သွယ်ရေးခက်ခဲသော ဝေးလံသည့် ရေနစ်မြှပ် ကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ လက်ဝယ်ရောက်ရှိရေး ထောက်ပံ့ပေးရာ၌ မကျန်အောင် မထပ်အောင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပါသည်။ ဆက်လက်၍ ကျောင်းကြီးကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိပြီး ပြည်သူများနှင့် တွေ့ဆုံကာ ကာလတန်ဖိုး ကျပ်သိန်း(၄၀)တန်ဖိုးရှိသော ဆန်၊ ငါးသေတ္တာ၊ ရေသန့်ဆေးပြား၊ ရေသန့်၊ တာ‌ပေါ်လင်လိပ်၊ စားသုံးဆီများကို လူမှုအဖွဲ့အစည်းများနှင့်အတူ ထောက်ပံ့ပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

၁။ ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာတွင် အစိုးရအဖွဲ့တစ်ဖွဲ့တည်းက ဆောင်ရွက်နေခြင်းထက် လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများကပါ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများတိုက်ရိုက်အကျိုးခံစားမှု ပိုမိုရရှိမည်ဖြစ်ကြောင်း ယနေ့နံနံက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ Hotel Mandalay ၌ ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည်ရှိ လူမှုရေးအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ပြောကြားခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ် (၅) ရက် -

      မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ မြို့နယ်အချို့တွင် လတ်တလောဖြစ်ပွားနေသည့် ရေကြီးနစ်မြုပ်မှုများကြောင့် ဘေးဒုက္ခကြုံတွေ့နေရသော ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတစ်ဖွဲ့တည်း ဆောင်ရွက်ခြင်းထက် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းက ပြည်သူကို ပိုမို၍ စနစ်တကျ တိုက်ရိုက်အကျိုးပြုနိုင်မှာဖြစ်ကြောင်း (၅.၈.၂၀၁၆) ရက်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။

      လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း (၃)မြွှာပူးမွေးဖွားသော မိခင်များအား မိခင်နှင့်ကလေးများအတွက် ထောက်ပံ့ကြေးများ ပေးအပ်လျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဂူဝကျေးရွာ၊ရွာဟောင်းရပ်ကွက်နေ ဒေါ်အေးမေနှင့် စံပြရပ်ကွက်၊ မြို့ပတ်လမ်းနေ ဒေါ်ယိုင်နုတို့အား တစ်ဦးလျှင် ငွေကျပ် ( ၅၀၀၀၀၀ိ/- ) စီ စုစုပေါင်းငွေကျပ် (၁၀၀၀၀၀၀ိ/-) အား ( ၄-၈-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးမှ သွားရောက်ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

      ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံး၏ ဦးဆောင်မှုဖြင့် စစ်တွေအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ စစ်တွေမြို့ ပဋိပက္ခဘေးရှောင်၍ ပြန်လည်နေရာချထားပေးခဲ့သော ရပ်ကွက်၊ ကျေးရွာများထဲမှ ရခိုင်အမျိုးသမီးငယ်ရွယ်များအား ၂၀၁၆ခုနှစ်၊ ဇွန်လတွင် ရပ်ရွာအခြေပြု သက်မွေးပညာဖြစ်သော စက်ချုပ်သင်တန်းအား ၎င်းတို့နေရာသို့ ပို့ချခဲ့ပြီး ယခုစစ်တွေအိမ်တွင်းမှုများတွင် ( ၂၇-၆-၂၀၁၆ ) ရက်နေ့မှ ( ၄-၈-၂၀၁၆)ရက်နေ့အထိ စက်ချုပ်သင်တန်း(အဆင့်မြင့်)ကို ရခိုင်အမျိုးသမီးငယ်ရွယ်(၃၄)ဦးအား တတ်မြောက်အောင် သင်ကြားပို့ချပေးနိုင်ခဲ့ပြီး ( ၄-၈-၂၀၁၆ )ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်နိုင်ခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ်လ(၃) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ၌ သြဂုတ်လ ၃ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Norwegian People’s Aid အဖွဲ့အစည်းမှ စီမံချက်မန်နေဂျာဖြစ်သူ Ms.Melissa Andersson ဦးဆောင်သည့်အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ သြဂုတ်လ (၂)ရက် -

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂.၈.၂၀၁၆) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ရေဝင်ရောက်သဖြင့် ရေလွတ်ရာနေရာများသို့ ယာယီရွှေ့ပြောင်းထားရသော မင်းဘူးမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ဆန်၊ ငါးသေတ္တာ၊ ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးနှင့် ဆန်ဖိုးရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။