ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်

ဟနွိုင်း၊ ၂၅.၁၀.၂၀၁၈

        ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာလ (၂၄) ရက်နှင့် (၂၅) ရက်နေ့များတွင် ကျင်းပခဲ့သောတတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေး သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ ပါသည်။ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Dao Ngoc Dung အား ၎င်း၏ ဝန်ကြီးရုံး ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်၊၊

          ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရသည့်အတွက် များစွာဝမ်းမြောက်ကြောင်း၊ ခေါင်းဆောင်ပိုင်းအချင်းချင်း ယခုကဲ့သို့ ရင်းနှီးစွာတွေ့ဆုံရသည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ တတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေးတွင် အမျိုးသမီးများစီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍ တွင် ပိုမိုပါဝင်လာနိုင်ရေးအတွက် မူဝါဒရေးရာများ ဆွေးနွေးမည်ဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးအတွက် အဆီယံနိုင်ငံများက အကောင်အထည်ဖော်ဆောင်ရွက်နေကြပါကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် အမျိုးသားရည်မှန်းချက် (၈) ရပ်ချမှတ်၍ဆောင်ရွက်နေပါကြောင်း၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဝန်ကြီးဌာနက အဓိကလုပ်ငန်းကြီး (၃)ရပ်ကို ဆောင်ရွက် နေပါကြောင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် အလုပ်လက်မဲ့ လျှော့ချရေးတို့ဖြစ်ပါကြောင်း၊ ကျားမ တန်းတူ ညီမျှရေးအတွက် ဆောင်ရွက်ရာမှာ အမျိုးသမီးများ နိုင်ငံရေးတွင် ၂၆% ပါဝင်ပါကြောင်း၊ စီးပွားရေးတွင် တိုးမြင့်ပါဝင်ဖို့ ဆောင်ရွက် လျက် ရှိပါကြောင်းဖြင့်‌ ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနတွင် ဦးစီးဌာန(၃)ခု ရှိပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ဦးတည်ချက်(၃) ရပ်ဖြင့် သွားနေပါကြောင်း၊ မိမိဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်ဘဝမှ သက်ကြီးရွယ်အိုအထိ တာဝန်ယူဆောင်ရွက်နေရပါကြောင်း၊ သဘာဝဘေးအန္တရာယ်သာမက လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကိုလည်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရပါကြောင်း၊ လူငယ့်ရေးရာ မူဝါဒရေးဆွဲပြီး လူငယ်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေပါကြောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းထားပါကြောင်း၊ မူဝါဒရေးရာအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းရှိပါကြောင်း၊ ယင်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နည်းပညာလုပ်ငန်း အဖွဲ့ (၄)ဖွဲ့ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ကြားပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက် ထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို ဆွေးနွေးကြရာ ကျား၊ မ တန်းတူညီမျှရေးတွင် ပူးပေါင်းဆောင်ရွက်ရန်မှာ ကျေးလက်နေ ၇၀% ထဲတွင် ထိခိုက်လွယ်အုပ်စုများအတွက် ဆောင်ရွက် ပေးရေး၊ အမျိုးသမီးများ နိုင်ငံရေးနှင့်စီးပွားရေးတွင် ပါဝင်မှုမြင့်မားလာစေရေး၊ ကျား၊မရေးရာကို ကဏ္ဍတိုင်းတွင် ထည့်သွင်းနိုင်ရေး၊ ကျား၊မ တန်းတူ ညီမျှရေးအတွက် အာဆီယံဒေသတွင်း ဘုံရည်မှန်းချက်များ၊ သဘောတူညီချက်များကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၊ Sherton Hanoi Hotel တွင် ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ဥက္ကဌဟောင်းဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ၊ အမျိုးသမီးရေးရာဝန်ကြီး H.E. Rhodora T. Masilang Bucoy က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ လက်ရှိဥက္ကဌနေရာအား လွှဲပြောင်းရယူမည့် ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Dao Ngoc Dung က အဖွင့်အမှာစကား ပြောကြားပြီး ဥက္ကဌရာထူးကို လွှဲပြောင်း လက်ခံရယူခဲ့ပါသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် H.E. Dr. Kung Phoak နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc နှင့်တို့က ဂုဏ်ပြုစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

          ထို့နောက် တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်း အဝေးကို ဆက်လက်ကျင်းပရာ အမျိုးသမီးများနှင့်အမျိုးသမီးငယ်ရွယ်များအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး၊ လူမှုဖူလုံရေးကိစ္စများကို နိုင်ငံအလိုက်ချမှတ်ဆောင်ရွက်နေသောမူဝါဒများ၊ လုပ်ငန်းစဉ်များ၊ အမျိုးသမီးနှင့် အမျိုးသမီးကလေးငယ်လေးများအပေါ် အကြမ်းဖက်မှုကို အာဆီယံဒေသတွင်း လျော့နည်းပပျောက်စေရန်၊ လုပ်ခလစာမညီမျှမှုကို လေျှာ့ချရန်၊ မျိုးဆက်ပွား ကျန်းမာရေးလက်လမ်းမီရရှိစေရန်၊ ကျား၊မ တန်းတူညီမျှမှု တိုးမြင့်ဆောင်ရွက် ခြင်းဖြင့် ၂၀၃၀ တွင် စဉ်ဆက်မပြတ် ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၅) ကို ရောက်ရှိစေရန် သက်ဆိုင်ရာဝန်ကြီးများက အမြင်ချင်းဖလှယ်ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ် စောင့်ရှောက်ရေး ဆောင်ရွက်ချက်များအား မြန်မာနိုင်ငံကိုယ်စား ဆွေးနွေးပြောကြားခဲ့ပါသည်။

          အဆိုပါ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် တာဝန်ရှိသူများလည်း တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ