စင်္ကာပူနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း(၁၀)နှစ်ပြည့်ကာလနှင့် အရှေ့တောင် အာရှဒေသအတွင်း လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်း ဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍မိန့်ခွန်းပြောကြား
နေပြည်တော်၊ ၈.၁၁.၂၀၁၈
စင်္ကာပူနိုင်ငံ၊ Hotel Jen Tanglin Singapore တွင် ကျင်းပသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း(၁၀)နှစ်ပြည့်ကာလနှင့် အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ မိန့််ခွန်းပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် ဆုံးရှုံးမှုများစွာကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများရရှိခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နိုင်ငံတကာ နှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အထူးသဖြင့် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ပြသသော AHA Centre (ASEAN Coordinating Centre For Humanitarian Assistance on Disaster Management) ပေါ်ပေါက်လာပြီး ဘေးအန္တရာယ်ကြုံတွေ့ပါက အာဆီယံ နိုင်ငံများ ပူးပေါင်းတုံ့ပြန်နိုင်သည့် ASEAN-ERAT (ASEAN- Emergency Response and Assessment Team)ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာနိုင်ငံများတွင် သဘာဝဘေး သာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့နှင့်ပတ်သတ်ပြီး ပဋိပက္ခများ၊ ဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း၊ ယခု ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဘေးဒုက္ခသည် သိမ်မွေ့နက်နဲပြီး သတိကြီးစွာထား၍ ပူးပေါင်းဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု၏ အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်ကို ဖော်ဆောင်လျက်ရှိကြောင်း၊ ရခိုင်အရေးနှင့် ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး၊ ပြည်ထောင်စုစီမံကိန်း (UEHRD)ကို ဖော်ဆောင်လျက်ရှိ ကြောင်း၊ UEHRDသည် ပုဂ္ဂလိက၊ အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖြစ်စဉ်များတွင် ထိရောက်သော တုံ့ပြန်မှုများကို ပူးပေါင်း ဆောင်ရွက်ရန် မှန်ကန်သော နည်းလမ်းများကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသူများကို ပြန်လည်လက်ခံရေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များ ချမှတ်ထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် နည်းလမ်းများကို ဖော်ထုတ်ထားရှိပြီးဖြစ်ကြောင်း၊ UNHCR, UNDP အဖွဲ့အစည်းများနှင့် လည်း သဘောတူလက်မှတ်များ ရေးထိုးပြီးဖြစ်၍ ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက် လျက်ရှိကြောင်း၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းများသည် အကောင် အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ စီမံချက်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက် ခြင်း၊ UEHRD၏ Private, Public, Partnership (P.P.P) လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံအသီးသီး၏ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများတွင် ချိတ်ဆက်အကောင်အထည်ဖေါ်ခြင်းဖြင့် ရခိုင်ဒေသတွင် တည်ငြိမ်အေးချမ်း ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါညီလာခံသို့ စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဆွီဒင်နိုင်ငံသံရုံးနှင့် ဖင်လန်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နန့်ယန်တက္ကသိုလ်မှ ပါမောက္ခ များနှင့် သုတေသနအရာရှိများ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ညီလာခံကို နိုဝင်ဘာ(၈) ရက်မှ (၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖင်လန်နိုင်ငံသမ္မတဟောင်း H. E. TARJA HALONEN နှင့် စင်္ကာပူနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H. E. Paula Parviainen တို့က တည်ခင်းဧည့်ခံသော နေ့လည်စာကို စင်္ကာပူနိုင်ငံဆိုင်ရာ ဆွီဒင် သံအမတ်ကြီး Mr. Niclas Kvamstrom၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် Dr. Noeleen Heyzer ၊ ဖိတ်ကြားထားသော တာဝန်ရှိသူတို့နှင့် အတူသုံးဆောင်ခဲ့ပါသည်။ ထို့နောက် ညီလာခံတွင် ဆက်လက်ကျင်းပလျက်ရှိသော မျက်မှောက်ခေတ် ရှုပ်ထွေးသော ပြဿနာအခြေအနေများနှင့် လူသားချင်း စာနာမှုအကူအညီပေးရေး အတွေ့အကြုံများ ကဏ္ဍ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။