နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

စစ်တွေ၊ ၁၀-၁၁-၂၀၁၈

          နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ ကိစ္စရပ် များ ညှိနှိုင်းဆောင်ရွက်ရေး အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွား သည့် ရခိုင်ဒေသ၌နေခဲ့သည့် သူများအား စိစစ်၍ပြန်လည်လက်ခံရန် စီစဉ်နေခြင်းဖြစ်ပါကြောင်း၊ စိစစ်ခြင်း လုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ဖြစ်ပြီး နှစ်နိုင်ငံ သဘောတူညီစာချုပ်အတိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံ သဘောတူစာချုပ်အရ သဘောတူလက်မှတ်ထိုးသည့်နေ့မှ (၂)လအတွင်း စတင်လက်ခံရန် အသင့်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရန်အတွက် ယုံကြည်မှုရှိရန်နှင့် ပွင့်ပွင့်လင်းလင်းရှိရန် လိုအပ်ပါကြောင်း၊ UNHCR/ UNDP နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းသည် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးကိစ္စများကို ပံ့ပိုးကူညီနိုင်ရန် ဖြစ်ပါကြောင်း၊ ပထမအသုတ် အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သဘောတူညီချက်အရ (၂၂၅၁)ဦးကို ပြန်လည်လက်ခံမည် ဖြစ်ပါကြောင်း၊ မလွှဲမသွေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်၍ အောင်မြင်စွာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိနိုင်ငံအနေဖြင့် ဆောင်ရွက်ရမည့်တာဝန်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ရန်နှင့် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်လက်ခံရေးကိစ္စရပ်များ၊  ပြန်လည်နေရာချထားရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များကို  အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ smart အထည်ချုပ်စက်ရုံနှင့် ခိုင်ပြည်စိုး အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့် အလမ်းရရှိရေး ဦးတည်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအကောင်အထည်ဖော်မှုများကို လေ့လာ ကြည့်ရှုပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရေး ညှိနှိုင်းပေးခဲ့ပါသည်။

          အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Red Cross Movement အနေဖြင့် ဆောင်ရွက်လျက်ရှိသော IFRC၊ ICRC နှင့် MRCS အဖွဲ့များအား တွေ့ဆုံပြီး ပြန်လည်လက်ခံရေးနှင့် ပြည်လည်နေရာချထားရေး ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ