ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တောင်ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများ ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှုအား သွားရောက်ကြည့်ရှု

စစ်တွေ၊ ၁၁.၁၁.၂၀၁၈

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည် လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းတို့သို့ သွားရောက်ပြီး နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရန် အသင့်ပြင်ဆင်ထားမှု အခြေအနေကို ကြည့်ရှု သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ တာဝန်ရှိသူများ နှင့်အတူ တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထူးက ပြန်လည်လက်ခံမည့်နေရာ၊ ဆောင်ရွက်သွားမည့် ရုံးလုပ်ငန်းစဉ်များ၊ ပြန်လည်ဝင်ရောက် လာသူများ ယာယီတည်းခိုနေထိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်နှင့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ ယင်လုံအိမ်သာ အလုံအလောက်ရှိအောင် ဆောင်ရွက်ထားမှု၊ စခန်းပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲပြန်လည် လက်ခံရေးစခန်းရှိ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာ၊ နေရပ် စွန့်ခွာသူများအား အထောက်အကူပြု ပစ္စည်းများပေးအပ်မည့်နေရာ၊ ကျန်းမာရေးစောင့် ရှောက်မှုပေးမည့်နေရာနှင့် ယာယီတည်းခိုမည့် နေရာတို့ကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြပြီး စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးမောင်က စခန်းအတွင်း ပြန်လည်လက်ခံရန် အသင့် အနေအထားဖြစ်မှုနှင့် ပြန်လည်လက်ခံရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် ထပ်မံ ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လုပ်ငန်း လိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးခူရပြန်လည်လက်ခံရေး စခန်း၌ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် နေရာ၊ အထောက်အကူပြုပစ္စည်းများ ပေးအပ်မည့်နေရာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးမည့်နေရာနှင့် ယာယီတည်းခိုမည့်နေရာတို့ကို လှည့်လည် ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ် ငါးခူရ ကျေးရွာ၌ နမူနာဆောက်လုပ်ထားသည့် ကျေးလက်လူနေအိမ်ပုံစံများ ပြီးစီးနေမှု အခြေအနေကို သွားရောက် ကြည့်ရှု ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်က စခန်း ဆိုင်ရာအချက်အလက်များ၊ စခန်းအတွင်း ရိက္ခာများသိုလှောင်ထားမှု၊ ကျန်းမားရေး စောင့်ရှောက်မှုပေးရန်၊ သုံးသောက်ရေ၊ လျှပ်စစ်မီးနှင့် ယင်လုံအိမ်သာ အဆင်ပြေစွာ အသုံးပြုနိုင်ရန်၊ ပြန်လည်ဝင်ရောက်လာသူများ စခန်း၌ ယာယီနေထိုင်စဉ် ကာလအတွင်း အဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ထပ်မံဖြည့်ဆည်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှဖိုးခေါင်စခန်းအတွင်း ဖွင့်လှစ် ပေးထားသည့် ဆေးပေးခန်း၊ သောက်သုံးရေရရှိနေမှုအခြေအနေ၊ ပြန်လည်ဝင်ရောက် လာသူများ ယာယီတည်းခိုမည့်အဆောင်၊ ကလေးကစားကွင်းများ၊ ကစားစရာများ ဖန်တီးပေးထားမှုနှင့် ကလေးများစာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးထားမှု အခြေ အနေ တို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ညှိနှိုင်းခဲ့ပါသည်။

အဆိုပါ စခန်းများသို့ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က စခန်းတာဝန်ခံများနှင့် တာဝန်ရှိသူများအား နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတွင် မိမိတို့ဘက်က ဆောင်ရွက်ရမည့် လုပ်ငန်းများ အသင့်ဖြစ်နေပြီဖြစ် ကြောင်းနှင့် ပြန်လည်လက်ခံ စိစစ်ခြင်းလုပ်ငန်းများကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမြင်အာရုံ ချို့ယွင်းသူများက ပူးပေါင်းပါဝင်သည့်အနေဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့ အထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် စုန်ဆင်းမည့် ငြိမ်းချမ်းရေးခရီးစဉ် လိုအပ်မှုများအတွက် ထောက်ပံ့ငွေကျပ် သိန်း (၁၀၀)ကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရုံးခန်း၌ ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင် ကျောင်း (ခဝဲခြံ)မှ အတွင်းရေးမှူးဦးသိန်းလွင်နှင့် အဖွဲ့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ