လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (စတုတ္ထအကြိမ်)အစည်းအဝေး

နေပြည်တော်၊ ၁၂.၁၁.၂၀၁၈

လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (စတုတ္ထ အကြိမ်) အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေးအတွက် အစည်းအဝေးများ ကျင်းပခဲ့ရာ ယခုဆိုလျှင် စတုတ္ထအကြိမ်သို့ ရောက်ရှိ ခဲ့ပြီဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာသည် လူငယ်များရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်များကိုယ်တိုင် ရေးဆွဲနေခြင်း ဖြစ်ကြောင်း၊ မူဝါဒတွင်ပါဝင်သည့် ကဏ္ဍ(၁၆)ခုသည် လူငယ်များရပ်တည်မှု ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် ထိရောက်စွာ အကောင်အထည်ဖော်ပါက အမှန်တကယ် ကောင်းမွန်သည့် ရလာဒ်များ ရရှိမည်ဖြစ်ပါကြောင်း၊ မူဝါများရေးဆွဲပြဌာန်း၍ (၆)လအတွင်း  မဟာဗျူဟာ စီမံချက်ကိုရေးဆွဲရန် လျာထားခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒကို မြို့ပြနှင့်ကျေးလက်ဒေသတွင်ရှိသည့် လူငယ်များအားလုံး ကျယ်ကျယ် ပြန့်ပြန့် သိရှိဖတ်ရှုလေ့လာနိုင်ရန် လိုအပ်ပါကြောင်း၊ မူဝါဒကိုအကောင်အထည်ဖော်ရာတွင် ဘဏ္ဍာငွေ လိုအပ်ချက်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ အားလုံးပူးပေါင်း ဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ မူဝါဒပါအချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရန် အားလုံးစည်းလုံးညီညွှတ်မှု၊ တစ်ဦးနှင့်တစ်ဦး အခက်အခဲကိုဖြေရှင်းနိုင်ဖို့ အပေးအယူ မျှတမှု၊ လူငယ်များအားလုံး အကျိုးဖြစ်စေမည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ရန် တာဝန်သိမှု၊ တာဝန်ခံမှုလိုအပ်ပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များသည် အများအကျိုးဖြစ်သည့်အတွက် အကောင်အထည်ဖော်ရာတွင် ပရဟိတလုပ်ငန်းတစ်ရပ်ကဲ့သို့  ဖြစ်ပါကြောင်းနှင့် လူငယ်များသည် အနာဂါတ်နိုင်ငံအတွက် အရေးပါသည့် အကျိုးပြု အင်အား ဖြစ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။                  

အစည်းအဝေးတွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေးလူငယ် ကိုယ်စားလှယ်များ၊ UNFPA နှင့် အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများ၊ နည်းပညာ အကြံပေးပုဂ္ဂိုလ်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ