အနာဂတ် နိုင်ငံ့သားကောင်း/သမီးကောင်းများ ပေါ်ထွန်းရေး ရှေးဦးအရွယ်ကလေးသူငယ်များအား ,စနစ်တကျစောင့်ရှောက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြောကြား

နေပြည်တော်၊ ၁၈.၁၁.၂၀၁၈

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မိခင်ဝိုင်းများကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လှည့်လည်ကြည့်ရှု၍ အားပေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာတွင်ဖွင့်လှစ် ထားသော လူမှုဝန်ထမ်းဦးစီးဌာန၏အသိအမှတ်ပြု ရန်အောင်မြင်မိခင်ဝိုင်းသို့ရောက်ရှိ၍ ကလေးငယ်များကို အာဟာရမုန့်များနှင့် ကစားစရာများ ပေးဝေခဲ့ပြီး ဆရာမများနှင့်အလှည့်ကျ လုပ်အားပေးနေသည့် ကျေးရွာအတွင်းရှိ မိခင်များ၊အမျိုးသမီးများကိုတွေ့ဆုံ၍ မူလတန်းကြိုကျောင်း မဖွင့်လှစ်နိုင်သေးသည့် ကျေးရွာများတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး နည်းစနစ်များနဲ့အညီ မိခင်ဝိုင်းများဖြင့် ကလေးသူငယ်များကို ပြုစုသင်ကြားပေးနိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များကို ၎င်းတို့၏အရွယ်အပိုင်းအခြားအလိုက် ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုနှင့် ဦးနှောက်ဖွံ့ဖြိုးစေရန် ပြုစုပျိုးထောင်ရေး နည်းစနစ်များစွာ ရှိပါကြောင်း၊ ထိုနည်းစနစ်များကို သင်ကြားပေးနေသော ဆရာမများမှတစ်ဆင့် မိခင်များ၊ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးသော ကျေးရွာလူထုကိုယ်တိုင် သိရှိနားလည်လာစေရန်၊ ပျံ့နှံ့ရောက်ရှိရန် လိုအပ်ပါကြောင်းနှင့် ကလေးသူငယ်များကို စနစ်တကျပြုစုစောင့်ရှောက်ခြင်းဖြင့် အနာဂတ်တွင် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးငယ်များကို နံနက်စာနှင့် ဖြည့်စွက်စာ ကျွေးမွေးသည့် ပုံစံအားကြည့်ရှုခဲ့ပြီး ကလေးငယ်များ အာဟာရအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သာယာကုန်းကျေးရွာ၌ ဖွင့်လှစ်ထားသော ကရုဏာမိခင်ဝိုင်းနှင့် မေတ္တာမိခင်ဝိုင်းများသို့ရောက်ရှိ၍ ကလေးငယ်များကို ပြုစု စောင့်ရှောက်ပေးနေသည့် ဆရာမများ၊ မိခင်များနှင့်ကျေးရွာအတွင်းရှိ အမျိုးသမီးများအား တွေ့ဆုံ၍

ရှေးဦးအရွယ်ကလေးသူငယ်များကို စနစ်တကျပြုစုစောင့်ရှောက်ခြင်းဖြင့် အနာဂတ်နိုင်ငံတွင် နိုင်ငံ့သားကောင်း/သမီးကောင်းများ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြား ခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာသူ၊ကျေးရွာသားများကလည်း မိခင်ဝိုင်းများ ရေရှည်တည်တန့်အောင် ညီညီညွှတ်ညွှတ် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားခဲ့၍ ကလေးငယ်များအတွက် အဟာရမုန့်များနှင့်ကစားစရာများပေဝေခဲ့ပြီး မိခင်ဝိုင်းများအတွက် ထောင်ပံ့ငွေများနှင့် အမိုးအကာများအတွက် တာပေါ်လင်စများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။       

FacebookTwitter

နောက်ဆုံးရသတင်းများ