ကရင်ပြည်နယ်တွင် သောက်သုံးရေရှားပါးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆောင်ရွက်
၂၅ နိုဝင်ဘာ၊ ဘားအံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သောက်သုံးရေလိုအပ်သော ဒေသခံတိုင်းရင်းသားများအတွက် စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝှမ်းတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံရှိအချို့ဒေသများတွင်လည်း ပုံမှန်မဟုတ်သော သဘာဝဘေးအန္တရာယ်များ မကြာခဏကြုံတွေ့ရလေ့ရှိကြောင်း၊ နှစ်စဉ်နွေရာသီရောက်ရှိပါက ကရင်ပြည်နယ်ဒေသအချို့တွင် သောက်သုံးရေရှားပါးမှုဒဏ်ကိုခံရလေ့ရှိသဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယခုကတည်းက စတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သုခလင်းမြိုင်၊ ဆုံဆည်းမြိုင်ဒေသ များရှိ ပြည်သူများသောက်သုံးရေချိုရရှိရေးအတွက် စက်ရေတွင်း၊ အုတ်ရေကန်နှင့် ရေစက်ရုံတို့ကို ဆောက်ရွက်ရန်အတွက် ယနေ့ ထောက်ပံ့ငွေများပေးအပ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ပတ်ဝန်း ကျင်ဒေသရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ သောက်သုံးရေရရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယခုနှစ် အယ်နီညိုရာသီဥတု ဖြစ်ပေါ်လာပါက ရေရှားပါးမှုဒဏ်ကို ကြိုတင်ကာကွယ်ထားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထောက်ပံ့ငွေ (၁၈၆)သိန်းကို ပြည်ထောင်စုဝန်ကြီးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က လက်ခံရယူခဲ့ပါသည်။
ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မိမိဝန်ကြီးဌာနသည် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားများနေထိုင်သော ပြည်နယ်များ တွင် ဦးစားပေးပြီး မူးယစ်ဆေးဖြတ်ပြီးသူများ မူးယစ်သံသရာပြန်မလည်စေရန် စခန်းအခြေပြုနှင့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် နေပါ ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်ဘဝသစ်တွင် မိမိကိုယ်မိမိ ယုံကြည်မှုဖြင့် နေထိုင်သွားလာနိုင်ပြီး အကျိုးပြုသောသူများ ဖြစ်လာနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ကရင်ပြည်နယ်တွင် မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းပါဝင် အကြံပြုဆွေးနွေးကြပါရန် ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသူများက မူးယစ်ဆေးဖြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာအလိုက် အကြံပြုဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။