ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးရေး ဆောင်ရွက်
ကလေးမြို့၊ ၁၅.၁၂.၂၀၁၈
စစ်ကိုင်းတိုင်းဒေသကြီးတွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ကလေးဝမြို့သို့သွားရောက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် များကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေ့ကလေးထိန်း ကျောင်းများနှင့် မူလတန်းကြိုကျောင်းများ မဖွင့်လှစ်ပေးနိုင်သေးသော ဒေသများအတွက် ရှေးဦး အရွယ်အလေးသူငယ်ပြုစုစောင့်ရှောက်ရေးနည်းလမ်းများဖြင့် မိခင်ဝိုင်းများဖွင့်လှစ်ပေးနိုင်ရန် အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိခင်ဝိုင်းများတွင် ကလေးငယ် များအား အလေ့အကျင့်ကောင်းများကိုရရှိရန်ဆောင်ရွက်ပေးနိုင်ကြောင်း၊ ဥပမာအားဖြင့် ငယ်စဉ် ကပင် အမှိုက်များကိုစနစ်တကျစွန့်ပစ်တတ်သောအလေ့အကျင့်ကို စတင်ပေးသင့်ကြောင်း၊ ယခုအခမ်းအနားတွင် မိခင်ဝိုင်းများအတွက် အမှိုက်ပုံများကိုပါထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ မိခင်ဝိုင်းများရေရှည်တည်တံ့ခိုင်မြဲရန် မိသားစုဝင်များ၊ ရပ်ကွက်ကျေးရွာအတွင်းရှိပြည်သူများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကြိုးစားဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသောကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ ပေးခြင်းအစီအစဉ်ကို တစ်ကိုယ်ရေသန့်ရှင်းရေး၊ အာဟာရပြည့်ဝအောင် စားသောက်တတ်စေရေးနှင့် မိသားစုစီမံကိန်းပညာပေးခြင်းများပါတွဲ၍ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဒေသ များမှစ၍ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ်မူတည်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းများ၏ အခွင့်အရေးများကိုလည်း စတင်အကောင်အထည်ဖေါ်ပေးနေပြီး ထောက်ပံ့ လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့မှုအဖြစ် အသက်(၈၅) နှစ်နှင့် အထက်ဘိုးဘွားများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဘေးအန္တရာယ်များကြောင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး အဟန့်အတားဖြစ်မှုများကို လျော့နည်းသက်သာစေရန်အတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့က နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း သာမက ပြည်သူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှာသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်းနှင့် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါ သည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားရာတွင် ပြည်တွင်းငြိမ်းချမ်းရေးကို စားပွဲဝိုင်းဆွေးနွေးပွဲများဖြင့် သာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံကို စတင်ခဲ့ပြီး တတိယအကြိမ်အထိညှိနှိုင်းဆွေးနွေးပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု၏ သဘောတူညီ ချက်(၅၁)ချက်မှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး ရရှိရန်အရေးကြီးသဖြင့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင် ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့တို့သည် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ် (လေးဆယ့်ကိုးသိန်း နှစ်သောင်း)၊ မသန်စွမ်းသူများ အတွက် ထောက်ပံံ့ငွေကျပ် (လေးဆယ့်လေးသိန်း လေးသောင်း)၊ မိခင်ဝိုင်းများဖွင့်လှစ်ပေးနိုင်ရေး အတွက် ထောက်ပံ့ငွေကျပ် (သုံးဆယ့်ငါးသိန်း နှစ်သောင်း ရှစ်ထောင့် တစ်ရာ) ကို အသီးသီး ထောက်ပံ့ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ ယနေ့ အခမ်းအနား၌ ထောက်ပံ့ငွေစုစုပေါင်းမှာ ကျပ် (တစ်ရာ နှစ်ဆယ့်ရှစ်သိန်း ရှစ်သောင်း ရှစ်ထောင့်တစ်ရာ) ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာ၌ ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ တည်ဆောက်နိုင်မည့်မြေနေရာအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများက တင်ပြချက်များကို ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ထို့နောက် ကလေးမြို့ သို့ ပြန်လည်ရောက်ရှိပြီး ရေဆန်ကျွန်းမြတ်ဗုဒ္ဓရုပ်ပွားတော်အား သွားရောက်ဖူးမျှော် ကြည်ညို ခဲ့ကြပါသည်။
ဆက်လက်၍ ကလေးမြို့ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာဖြစ်မြောက်ရေး ကော်မတီ ဝင်များနှင့် တွေ့ဆုံပြီး ဘိုးဘွားများအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ ပေးနိုင်ရေးညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ကလေးမြို့အတွင်း ဖြတ်သန်းစီးဆင်း နေသော နန်းကလိန်ချောင်း၊ သံတံတားချောင်းနှင့် ဥပုဒ်ချောင်းများ၊ တိမ်ကောမှုကြောင့် ချောင်းရေလျှံမှုများမှ ကလေးမြို့ရေကြီးမှုဖြစ်ပွားနိုင်မည့် အန္တရာယ်ကာကွယ်ရန် လိုအပ်ချက်များ ကို တာဝန်ရှိသူများက တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနက တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အစိုးရရိပ်သာခန်းမ၌ ကလေးခရိုင်အတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ဘေးအန္တရာယ်များ ကျရောက်ပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးမည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ပေးနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအစီအစဉ်နှင့် ကလေးခရိုင်အတွင်း မူးယစ်စွဲ သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများအား သင်တန်းပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ အဖွဲ့အစည်းများ၏ လိုအပ်ချက်များကို ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကိုညှိနှိုင်း ဆွေးနွေးခဲ့ကြပါ သည်။ ခရီးစဉ်တွင်ပါရှိသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းနှင့် အတူကလေး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များနှင့်တွေ့ဆုံပြီး ကလေးမြို့ရှိ ချင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ တီးတိန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့၊ ဖလမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ဟားခါးစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လူရှိုင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ ဟွာလ်ငိုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အသီးသီးမှ တိုင်းရင်းသားရေးရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။