ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်မျာအတွင်း လူမှုကာကွယ်စောင့်ရှောက်မှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွက် သဘာဝဘေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်
နေပြည်တော်၊ ၂၂-၁၂-၂၀၁၈
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီး သွားသည့် မိုးစပါးများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ခြင်းနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ပါသည်။
ထိုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး က အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ တရားမျှတမှု ခံစားရရှိရေး နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြည်သူများ ခံစားနေရပါကြောင်း၊ ဘေးအန္တရာယ်များကြောင့် ဆုံးရှုံးနစ်နာမှုသည် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေကြောင်း၊ ထို့အတွက် အလျင်အမြန် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း သဘာဝဘေးကြောင့် မိုးစပါးစိုက်ပျိုးမှု ပျက်စီးနစ်နာမှုများအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ကိုလည်း စနစ်တကျအကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိရာ မသန်စွမ်းသူများ ထောက်ပံ့ခြင်း ကို တနိုင်ငံလုံး မျှမျှတတ ခံစားရရှိနိုင်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဘိုးဘွားများ အတွက် လူမှုရေးပင်စင်အဖြစ် အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများ ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် ခြင်းဖြင့် အနာဂတ်နိုင်ငံ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆက်လက်ဆောက်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းအတွင်းရှိ မသန်စွမ်းသူ (၉၅၇၈) ဦးအတွက် ကျပ်သန်း (၂၈၇.၃၄)၊ အသက် (၈၅) နှစ်အထက် ဘိုးဘွား(၂၁၆၂၈) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ကျပ်သန်း (၆၄၈.၈၄) သန်း နှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် မိုးစပါးများအတွက် ကျပ် သန်း (၂၈၇.၀၅) ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ဘိုဘွားများနှင့် မသန်စွမ်း များအား လက်ဝယ်အရောက် ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ပါသည်။
ယနေ့အတွက် ထောက်ပံ့ငွေ စုစုပေါင်းမှာ ငွေကျပ် (၁၂၂၃.၂၃) သန်း ဖြစ်ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မသန်စွမ်းများနှင့် သက်ကြီးဘိုးဘွားများအတွက် အစိုးရ၏ကူညီထောက်ပံ့မှုများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ သော လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး မှူးများနှင့် ဌာနဆိုင်ရာများ အား ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒလမြို့သို့ သွားရောက်ခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရခိုင်ချောင် အထကခွဲ ဆဌမတန်းတွင် ပညာသင်ယူ လျက်ရှိသော ညောင်ချောင်းကျေးရွာအုပ်စု၊ ချောင်းဦးကျေးရွာမှ အဖဦးဌေးလွင်၊ အမိဒေါ် စန္ဒာကြည် တို့၏ သမီးကြီး မနှင်းထက်ထက်ကျော် အသက် (၁၃) နှစ် အား တွေ့ဆုံပြီး ကိုယ်အင်္ဂါမပြည့်စုံသော်လည်း အတန်းပညာကို ပေါက်မြောက်အောင်သင်ယူနိုင်ခြင်းအတွက် ချီးကျူးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒလမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် စေတနာရှင် တို့က ထောက်ပံ့ငွေများ စုပေါင်းပေးအပ်ခဲ့ဲ့ကြပါသည်။
ဆက်လက်ပြီး ကောမှူးမြို့သို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် မိမိတို့ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမှုစီးပွား ဖွံဖြိူးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် အရေးကြီးကြောင်း၊ အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူမည့် လူသားအရင်းမြစ်များ ပျိုးထောင်ရေး တွင် ရှေးဦးအရွယ်ကလေးသူငယ်ဘဝက စတင်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနသည် မွေးကင်းစမှ အသက်(၈)နှစ်အတွင်း မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး နည်းလမ်းများကို နေ့ကလေးထိန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများတွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သင်ကြားလေ့ကျင့်ပေးနိုင်ရန် တာဝန်ရှိပါကြောင်း၊ မူလတန်းကြို ကျောင်းများ ဖွင့်လှစ်မပေးနိုင်သေးသောဒေသများတွင် မိခင်ဝိုင်းများဖွင့်လှစ်၍ ကြိုးစားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိဘများ၊ မိသားစုဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင် မှသာ ရေရှည်တည်တံ့အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် ဒလ မြို့နယ်နှင့် ကော့မှူးမြို့နယ်များတွင် မိခင်ဝိုင်း (၅) ဝိုင်းစီ ဖွင့်လှစ် နိုင်ရေးအတွက် ငွေကျပ် သိန်းခုနှစ်ဆယ်ငါးသောင်းခြောက်ထောင့်နှစ်ရာကို ပေးအပ်ခဲ့ပြီး ကလေးများအတွက် အာဟာရမုန့်များနှင့် အရုပ်များ ဝေငှခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။