ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း နှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများသို့ သွားရောက်အားပေး
ရန်ကုန်၊ ၂၃-၁၂-၂၀၁၈
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းနှင့် ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းများသို့ ရောက်ရှိပြီး သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့ရောက်ရှိရာ သင်တန်း ကျောင်းအုပ်က သင်တန်းနှင့်ပတ်သက်ပြီး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ရာ လက်ရှိတွင် ဤသင်တန်းကျောင်းမျိုးသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသာ ရှိသေးပြီး အကန့်အသတ်ဖြင့် လက်ခံသင်ကြားနေရသည်ကို သိရှိရကြောင်း၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်အင်္ဂါ မသန်စွမ်းသူ များစွာရှိကြောင်း၊ မသန်စွမ်းများ၏ အခွင့်အရေးများကို ဖော်ဆောင်ရာ တွင် မျှမျှတတ ခံစားရမှုရရှိရန် လိုအပ်ကြောင်း၊ မသန်စွမ်းများ၏ အလုပ်အကိုင် အခွင့်အလမ်း များကို ဖော်ဆောင်ပေးနိုင်ရန် ၎င်းတို့၏စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် လေ့ကျင့်သင်ကြား ပေးနိုင်သောကျောင်းများမှာ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လိုအပ်လျက် ရှိပါကြောင်း၊ မသန်စွမ်းများထံ သတင်းအချက်အလက်များ ရောက်ရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အီလက်ထရောနစ် သင်တန်းလေ့ကျင့်သင်ကြား နေမှုကို လိုက်လံ ကြည့်ရှုအားပေးခဲ့ပါသည်။ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းတွင် ကွန်ပျုတာသင်တန်း၊ အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်း၊ ခေတ်မီဆံသ သင်တန်း၊ ဓါတ်ပုံရိုက်နှင့် တံဆိပ်ရိုက် သင်တန်းများ ပို့ချလျက်ရှိပြီး သင်တန်း (၁)ကြိမ်လျှင် (၃)လ၊ တစ်နှစ်လျှင် (၃)ကြိမ်ဖြင့် တစ်နိုင်ငံလုံးရှိ မသန်စွမ်းများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး ဖုန်း ၀၁- ၉၆၆၁၇၁၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိ ရပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းသားများနှင့်တွေ့ဆုံကာ လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြိုးစားဆောင်ရွက်ရန် ပြောကြားပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားများအား အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။