လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် Japan Heart, International Medical Volunteersတို့ပူးပေါင်းဆောင်ရွက်သည့် 4th Steering Committee for blind massage system development အစည်းအဝေးကျင်းပ
နေပြည်တော်၊ ၂၇.၁၂.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် Japan Heart, International Medical Volunteersတို့ပူးပေါင်းဆောင်ရွက်သည့် 4th Steering Committee for blind massage system development (စတုတ္ထအကြိမ်မြောက် မျက်မမြင်အကြောပြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းအဝေး) ကိုနေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်တွင်၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၂၇ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းကပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သောအစည်းအဝေးသည် အနှိပ်စနစ်ဖွံ့ဖြိုးရေးကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ အဆိုပါ ကော်မတီကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၂ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးရည်ရွယ်ချက်မှာရပ်ရွာအတွင်းရှိမျက်မမြင်များအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့်၄င်းတို့၏ ဘဝဖွံ့ဖြိုးတိုတက်စေရန်အတွက် အဓိကရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါ၌ ယေန
အစိုးရလက်ထက်တွင် ပြည်သူများ၏အခြေခံဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများဖြင့် အလေးထားဆောင်ရွက်နေပါကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လုပ်ငန်းများသည် ပဋိသန္ဓေတည်စမှ သက်ကြီးရွယ်အိုသည်အထိလူမှုကိစ္စအဝဝကိုလူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပဋိသန္ဓေတည်စ(ကိုယ်ဝန်ဆောင်)မှ အသက်(၂)နှစ်ထိနိုင်ငံတော်ဘတ်ဂျက်ဖြင့်ထောက်ပံ့မှုများပြုလုပ်နေပါကြောင်း၊ထိုသို့ထောက်ပံ့မှုများတွင် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သောနာဂဒေသ ၊ ချင်းပြည်နယ်၊ ရခိုင်၊ ကရင်၊ ကယား၊နောက်ပိုင်း၌ကျန်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် Special Protectionဖြစ်သောလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆက်လက်၍ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒါ့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်ရေးများ၊လူငယ်ရေးရာမူဝါဒများ၊မိခင်ဝိုင်းများ၊ မသန်စွမ်းသူများ၊ လူကုန်ကူးခံရသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများစသည်ဖြင့်ရေရှည်တွင်ဖွံ့ဖြိုးတိုးတက်ရန် ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊
မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ၏ အရေးကိစ္စများ၊ ကလေးနှင့် အမျိုးသမီးများ၊ စစ်ဘေးရှောင်စခန်းရှိမိသားစုများ၊ ပြည်တွင်း/ပြည်ပမှ ရွှေ့ပြောင်းသွားလာနေထိုင်သောသူများ၊ လူကုန်ကူးခံရသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုထဲမှ မသန်စွမ်းသူများအခွင့်အရေးအပြည့်အဝရရှိရန် မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးကော်မတီများဖွဲ့စည်း ၍ ဥပဒေ၊ နည်းဥပဒေများပြဌာန်းပြီးဆပ်ကော်မတီ၊ လုပ်ငန်းကော်မတီများအားအကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမြင်အာရုံမသန်စွမ်းသူများအတွက် အလုပ်အကိုင်ရရှိစေရန်အတွက်လည်းကောင်းယနေ့ ပြုလုပ်သောအစည်းအဝေးမှရေရှည်တွင်ဆက်လက်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံတွင် မျက်မမြင်များအတွက် အဓိကအလုပ်အကိုင်သည်အကြောပြင်အနှိပ်လုပ်ငန်းပင်ဖြစ်ပါကြောင်း၊ အလုပ်လုပ်ကိုင်သောမျက်မမြင်များအနက် ၇၅ရာခိုင်နှုန်းသည် ဤအလုပ်ကိုလုပ်ကိုင်နေသူများဖြစ်ကြပါကြောင်း၊ ထို့ကြောင့်နိုင်ငံတော်အစိုးရမှ မျက်မမြင်အသိုင်းအဝန်းအတွင်းအလုပ်အကိုင်မှန်မှန်ကန်ကန်နှင့် စည်းစနစ်ကျကျ အကာအကွယ်ပေးပြီးသေချာပေါက်အလုပ်အကိုင်ရရှိစေရန် လုပ်ဆောင်နေခြင်းပင် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင်သာမကတောင်ကိုးရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်နှင့်ဂျပန်စသည့် နိုင်ငံများတွင် မျက်မမြင်များအတွက် အကြောပြင်အနှိပ်လုပ်ငန်းအားဥပဒေများပြဌာန်းပြီးအလေးထားဆောင်ရွက် နေခြင်းပင်ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံတွင် မသန်စွမ်းသူများအလုပ်အကိုင်ရရှိရေးအတွက် ဥပဒေကို၁၉၇၆ခုနှစ်မှစ၍ ဝေပုံကျစနစ်ဖြင့် တိုးမြှင့်ပြဌာန်းပြီး ၁.၃ရာခိုင်နှုန်းအဖြစ်ဆောင်ရွက်ခဲ့တာရှိပါကြောင်း၊ ယခုလက်ရှိဂျပန်နိုင်ငံတွင် မသန်စွမ်းသူများအလုပ်အကိုင်ရရှိရေးသည် ၂.၂ရာခိုင်နှုန်းထိတိုးမြှင့်ပြီးအလုပ်အကိုင်ရရှိရေးအတွက် လုပ်နေတာရှိပါကြောင်း၊ ယခုနောက်ပိုင်းတွင် ဂျပန်နိုင်ငံရှိကုမ္ပဏီများသည် ၄င်းတို့၏ဝန်ထမ်းများကျန်းမာရေးအတွက် စဉ်စားလာပါကြောင်း၊ ၂.၂ရာခိုင်နှုန်းအလုပ်ခန့်ထားရန်စဉ်းစားလာရာတွင် မျက်မမြင်အကြောပြင်အနှိပ်လုပ်ငန်းများကိုကုမ္ပဏီများတွင် အလုပ်ခန့်ထား၍ ဝန်ထမ်းများ၏ကျန်းမာရေးကိုစောင့်ရှောက်ပေးခြင်းများရှိပါကြောင်း၊ထိုင်း၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံများတွင် အကြောပြင်အနှိပ်လုပ်ငန်းအတွက် Focal Ministryအဖြစ်ကျန်းမာရေးဝန်ကြီးဌာနမှ မသန်စွမ်းသူများအလုပ်အကိုင်ရရှိရန် ရေးဆွဲလျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံတွင် မျက်မမြင်အကြောပြင်အနှိပ်စနစ်အားဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန်-မြန်မာပူးပေါင်းပြီးမျက်မမြင်များ၏ စာမေးပွဲဖြေဆိုမှုများ၊ စာစစ်ခြင်းများ၊ ကောင်းမွန်သောအောင်လက်မှတ်ဖြစ်စေရန်၊ စံသင်ရိုးညွှန်းတမ်းများဖြစ်မြောက်ရန် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဆက်လက်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊Japan Heart မှ တာဝန်ရှိသူများ၊လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိကြည့်မြင်တိုင်မျက်မမြင်ကျောင်းနှင့် စစ်ကိုင်းမျက်မမြင်ကျောင်းတာဝန်ရှိသူများ၊မြန်မာနိုင်ငံမျက်မမြင်အသင်း၊ Nagomiအနှိပ်ဆေးခန်း၊ ပြင်ဦးလွင်မျက်မမြင်ကျောင်း၊ မိတ္ထီလာမျက်မမြင်ကျောင်း၊ စသည့် မျက်မမြင်ကျောင်းများမှ တာဝန်ရှိသူများစုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။