ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကော့သောင်းခရိုင် အတွင်း လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်
၃၀ ဒီဇင်ဘာ၊ ကော့သောင်းမြို့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့သို့ ရောက်ရှိပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ ယာယီစောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိရာ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော တရားမဝင်လုပ်သားများ ပြန်လည်လက်ခံရာတွင် တွေ့ကြုံရသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ရွာတာဝန်ရှိသူများနှင့် ဆွေးနွေး ညှိုနှိုင်း ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဘတ်ဂျက်ဖြင့် ဆောက်လုပ်ထားသည့် အရေးပေါ်ခိုလှုံရာနှင့် ဘက်စုံသုံး အဆောက်အဦသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦနှင့် ပတ်သက်ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ဆွေးနွေးမေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျေးရွာလူထုနှင့် တွေ့ဆုံကာ ဘက်စုံအကျိုးရှိစွာ အသုံးပြုနိုင်ရေး ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိခင်ဝိုင်းအသစ်ဖွင့်လှစ်ခြင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းများကို ဖော်ဆောင်ရာတွင် ပြည်သူများ လက်တွေ့ ခံစားရမှု အမှန်တကယ် ပြောင်းလဲဖြစ်ပေါ်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ လိုအပ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးကို တစ်နိုင်ငံလုံးမျှတစွာ ခံစားရရှိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ပြည်သူ့အကျိုးဖော်ဆောင်ရာတွင် လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်သူများသိရှိအောင် ပညာပေးဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ကိုယ်တိုင် လိုက်နာဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ် ခံစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် ကလေးငယ်များဘဝက စတင်ရမည်ဖြစ်ရာ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးငယ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ရာတွင် အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက် ခွင့်သာမက အစောင့်အရှောက်ခံ ပိုင်ခွင့်ရရှိစေရန်အတွက် ရင်ခွင့်မဲ့ ကလေးငယ်များလျှော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးနေပြီဖြစ်ပါကြောင်း၊ မသန်စွမ်းများ အတွက်လည်း မသန်စွမ်းအဆင့်များခွဲခြားပြီး ကူညီထောက်ပံ့မှုများကို ဆောက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေမည့် သဘာ၀ ဘေးနှင့် လူကြောင့်ဖြစ်သောဘေးများအတွက်လည်း ထိရောက်စွာ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးရွေးချယ် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ လူကုန်ကူးခံရသူများ၊ သက်ငယ်မုဒိန်းပြုကျင့်ခံရသူများ၊ လမ်းပေါ်နေ ကလေးများ ပြန်လည်ထူထောင်ရေးများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား၊ ပြည်သူများနှင့်လူမှုရေး အသင်းအဖွဲ့များက အကောင်အထည်ဖော်မှုလုပ်ငန်းများတွင် အစိုးရနှင့်အတူ ပူးပေါင်းပါဝင်စေလိုကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့်အဖွဲ့သည် ကော့သောင်းခရိုင်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေကျပ် (ငါ့ဆယ့်နှစ်သိန်းနှစ်သောင်း)၊ မသန်စွမ်းသူ (၁၄၃)ဦး အတွက် ထောက်ပံ့ငွေ ကျပ်(လေးဆယ့်နှစ်သိန်းကိုးသောင်း)၊ ကော့သောင်းမြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၁၃)ဖွဲ့ အတွက် ထောက်ပံ့ငွေကျပ်(၃၉)သိန်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (ခြောက်ဆယ်သုံးသောင်းခြောက်ထောင့်နှစ်ရာ)နှင့် ဆလုံလူမျိုးများ နေထိုင်သည့် (ဇာဒက်ကြီး၊ ဂျလန်း၊ မကြုံဂလက်) ရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေကျပ် (၂၄)သိန်း တို့ကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။
ယနေ့ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း ပေးအပ်ခဲ့သော ထောက်ပံ့ငွေ စုစုပေါင်းမှာ ငွေကျပ် ( နှစ်ရာ တစ်ဆယ့် လေးသိန်း ငါးသောင်း ခြောက်ထောင့် နှစ်ရာ) ဖြစ်ကြောင်း သိရှိရပါသည်။
ထို့နောက် မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များကိုယ်စား တက်ရောက်လာသည့် မြို့မိမြို့ဖ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသော ဘိုးဘွားများကို သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ငွေများအား လက်ဝယ်အရောက် ပေးအပ်ခြင်း နှင့် ကလေးများအား အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ဝေငှပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းခရိုင်အတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံကာ နှစ်သစ်တွင် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် ပြောကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဦးစီးဌာနအလိုက် တာဝန်ရှိသူများနှင့် ညှိုနှိုင်း ဖြည်းဆည်း ဆောက်ရွက် ပေးခဲ့ပါသည်။
အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။