ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကော့သောင်းဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦး ပရဟိတဂေဟာများသို့ သွားရောက်

၁ ဇန်နဝါရီ၊ ကော့သောင်းမြို့
     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ကော့သောင်းမြို့ရှိ ဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦး ပရဟိတဂေဟာများသို့ သွားရောက်ကာ ထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ ပြည်တော်အေးစေတီနှင့်  အောင်တော်မူစေတီများသို့ သွားရောက်ဖူးမြော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ကော့သောင်းဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ရိပ်သာရှိ ဆရာတော်အား လှူဖွယ်ပစ္စည်းနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက်ဘိုးဘွားရိပ်သာရှိ မသန်စွမ်း ဘိုးဘွားများအပါအဝင် ဘိုးဘွားများအတွက် အလှူငွေကျပ် (သုံးသိန်းတစ်သောင်း)နှင့် ခြုံစောင်များ၊ အသက် (၁၀၄)နှစ်ရှိ အဖွားအတွက် သီးခြားထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦး ပရဟိတ ဂေဟာသို့ သွားရောက်၍ ပရဟိတဂေဟာဆရာတော် ဘဒ္ဒန္တဣန္ဒသာရအား လှူဖွယ်ပစ္စည်း၊ နဝကမ္မ အလှူငွေများ ဆက်ကပ်ခဲ့ပြီး ဂေဟာရှိ မသန်စွမ်းကလေးများအပါအဝင် ကလေးငယ်များ အတွက် ထောက်ပံ့ငွေများ၊ အာဟာရမုန့်များ ပေးအပ်ကာ ကစားစရာအရုပ်များကို ဝေငှပေး ခဲ့ပါသည်။
အဆိုပါ ပရဟိတဂေဟာတွင် မွေးကင်းစနှင့် လသားအရွယ်များအပါအဝင် ရင်ခွင်မဲ့ ကလေး (၂၉၅) ဦးအား စောင့်ရှောက်ပေးလျက်ရှိရာ ကလေးသူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝ ဖော်ဆောင်နိုင်ရန် ရှေးဦးအရွယ်ကလေးသူငယ်များ စနစ်တကျ ပြုစုပျိုးထောင် နိုင်ရေး၊ အစိုးရ၊ အခြားလူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကိုဆရာတော် အား လျှောက်ထားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ