ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဖျာပုံမြို့နယ်၊ ချောင်းဝ ကျေးရွာရှိ မီးဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေး၍ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီ စီစဉ်ဆောင်ရွက်
ဖျာပုံ၊ ဇန်နဝါရီ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ မီးဘေးသင့်ပြည်သူများထံသို့ သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် လိုအပ်သော ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာ အုပ်စု၊ ချောင်းဝကျေးရွာတွင် ဇန်နဝါရီလ၊ ၃ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁၇၈)လုံး ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအား ပေးစကားပြောကြားရာတွင် မီးလောင်ကျွမ်းမှုကြောင့် ပြည်သူများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက် စေခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် သဘာဝဘေးဒဏ် ခံစားရပါက အလျင်အမြန်တုံ့ပြန်ခြင်းနှင့် ထိရောက်သော ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးပြီး မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ပူးပေါင်းကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများအတွက် လတ်တလောစားသုံးရန် ဆန်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ကျောင်းသုံးစာအုပ်နှင့်စာရေးကိရိယာ၊ အိမ်ဆောက်ပစ္စည်း၊ အိမ်မိုးသွပ်နှင့် ဆိုလာမီးအိမ်များကို အစိုးရ၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးရန်လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ငွေဖြင့် ပြည်သူကိုပြန်လည် ထောက်ပံ့ရာတွင် တစ်ဦးချင်းစီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြစ်ပြီး ခံစားခွင့်ရရှိမည့်သူများ အပြည့်အဝ ခံစားရရှိရန် ထိရောက်သော စီမံမှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖေါင်ဒေးရှင်းများ၊ ပုဂ္ဂလိကအလှူရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၈,၂၈၀,၀၀၀)ကျပ်၊ အဘိုးအဘွား (၁၇)ဦးအတွက် ထောက်ပံ့ငွေ (၅၁၀,၀၀၀)ကျပ်၊ ကိုယ်ဝန်ဆောင်မိခင် (၁၂)ဦးအတွက် ထောက်ပံ့ငွေ (၃၆၀,၀၀၀)ကျပ်၊ မိခင်ဝိုင်း (၁)ဝိုင်းအတွက် ထောက်ပံ့ငွေ (၅၁၀,၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဝယ်ယူရန် (၁၉,၃၅၀,၀၀၀)ကျပ်၊ အိမ်မိုးသွပ် (၇,၂၀၀)ချပ်၊ ပြောင်သွပ် (၃၆၀)ချပ်၊ ကျားလုံချည် (၃၇၅)ထည်၊ မလုံချည်(၃၇၅)ထည်၊ ခြင်ထောင် (၇၀၈)လုံး၊ ချည်စောင် (၇၀၈)ထည်၊ ကျောင်းဝတ်စုံ (၁၅၄)စုံ၊ ဗလာစာအုပ် (၁၅၄)ဒါဇင်၊ ဆိုလာမီးအိမ် (၂၅၀)လုံး ၊ ပစ္စည်း(၁၆)မျိုးပါ မိသားစုသုံးကယ်ဆယ်ရေးပစ္စည်း (၁၇၈)ပုံး တို့ကို အသီးသီးထောက်ပံ့ရာ တာဝန်ရှိသူများက လက်ခံရယူပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် ချောင်းဝကျေးရွာ၊ သာသနာ့တံခွန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။ မီးဘေးသင့်ပြည်သူများ ခေတ္တခိုလှုံရာ သာသနာ့တံခွန်ဘုန်းတော်ကြီးကျောင်းတွင် ဖျာပုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်သော ပြည်သူ့ထံအရောက် ရွေ့လျားဝန်ဆောင်မှုအဖွဲ့က လိုအပ်သော မီးဘေးသင့် ပြည်သူများအတွက် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် ရေလုပ်သားသက်သေခံကတ်ပြားများကို အသစ်ပြန်လည် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းဖွင့်လှစ်ပေးခြင်း၊ တပ်မတော်နယ်လှည့် အထူးကုဆေးခန်း ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖျာပုံမြို့နယ်၊ သမိန်ထောကျေးရွာသို့ ရောက်ရှိကြရာ ကုန်းတန်းဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာသူ/သားများနှင့်တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်သော သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင် ပေးအပ်ခြင်း၊ မသန်စွမ်းသူများကိုထောက်ပံ့ခြင်း၊ မိခင်ဝိုင်း (၅)ဝိုင်းဖွင့်လှစ်ရန်အတွက် ငွေကြေး ထောက်ပံ့ခြင်းများကိုဆောင်ရွက်ခဲ့ပြီး မိခင်ဝိုင်းများတွင် ကလေးများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ကြောင်း လက်တွေ့အမှိုက်စွန့်ပစ်ခြင်းသရုပ်ပြ ဆောင်ရွက်ခဲ့ပြီး အာဟာရမုန့်များနှင့် ကစားစရာအရုပ်များ ကို ဝေငှပေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ စုစုပေါင်းမှာ (၇၉,၉၃၀,၄၄၃)ကျပ်နှင့် ဖျာပုံမြို့နယ်ရှိ ပြည်သူများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေစုစုပေါင်းမှာ (၄၄,၇၈၈,၁၀၀) ကျပ် ဖြစ်ပြီး ၊ ယနေ့ထောက်ပံ့ငွေစုစုပေါင်းမှာ (၁၂၄,၇၁၈,၅၄၃)ကျပ် ဖြစ်ပြီး ခရီးစဉ်တွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ လိုက်ပါ ခဲ့ကြကြောင်း သတင်းရရှိပါသည်။