ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းစီမံချက်များအပေါ်သုံးသပ်ညှိနှိုင်းအစည်းအဝေး
ဇန်နဝါရီလ ၂၉၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းစီမံချက်များအပေါ်သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါကော်မတီ၏ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြေပြင်မှာ အမှန်တကယ်အကျိုးရှိသည့်လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်နေကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာမှရရှိခဲ့တဲ့အတွေ့အကြုံများမှ ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဖော်ထုတ်လာနိုင်ခဲ့ကြပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်၊ IDP စခန်းများ ပိတ်သိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လုံခြုံရေးကဏ္ဍများသည် အရေးကြီးသောလုပ်ငန်းများဖြစ်ကြောင်း၊ ထို့အတူ လူမှုသဟဇာတ ဖြစ်ရေး (Social Cohesion) သည်လည်း အရေးကြီးပါကြောင်း၊ ထိုကဏ္ဍများမှာ အမှန်တကယ်တိုးတက်ပြောင်းလဲနေမှုများရရှိလာစေရန် ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ ဆောင်ရွက်သည့်အခါတွင် ထိရောက်သောရလဒ်များရရှိစေရေးအတွက် Targetများချမှတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း/ပြည်ပမှ တုံ့ပြန်မှုများ ကိုလည်း အလေးထားရန်လိုပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံး ပူးပေါင်းညှိနှိုင်းပြီး လုပ်ငန်းစီမံချက်များအတိုင်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ထို့သို့သတ်မှတ် ဆောင်ရွက်ခြင်း သည် မြေပြင်တွင် ပြောင်းလဲတိုးတက်မှုများကို သိရှိနိုင်စေရန် ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကရရှိလာသည့်ရလာဒ်များကိုပြည်သူသို့ (၄) လတစ်ကြိမ် အစီရင်ခံစာ တင်ပြလျက် ရှိရာမှာ (၄) ကြိမ်မြောက်အစီရင်ခံစာကိုတင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်နေသည့်လုပ်ငန်းများထဲကကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ စေတနာရှင် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရန် လိုအပ်သောကဏ္ဍများတွင် အစိုးရက ဦးဆောင်ပြီးအဖွဲ့အစည်းများက လိုအပ်ချက်များအပေါ် ပူးပေါင်းပါဝင်သည့်ဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်တွင်ကော်မတီ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လူမှုစီးပွားဖွံ့ဖြိုးရေးသည်အခြေခံကျသောလုပ်ငန်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရက ရေးဆွဲထား သော လုပ်ငန်းအစီအစဉ်များနှင့်လိုက်လျောညီထွေရှိစေရန်လိုအပ်ပါကြောင်း၊ ငပလီတွင် ရင်းနှီးမြှပ်နှံမှုပြပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ လက်ရှိရခိုင်ပြည်နယ်တွင်ကြုံတွေ့နေရသည့် အခြေအနေများကိုသိမ်သိမ်မွေ့မွေ့ဖြင့် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်း စီမံချက်များကို ထိရောက်စွာဆောင်ရွက်လျှင်တိုးတက်မှုအခြေအနေများကို တိတိကျကျ ခိုင်ခိုင်မာမာ ဖော်ပြနိုင်မှာဖြစ်သည့်အတွက် ဆောင်ရွက်မှုများ ပိုမိုပေါ်လွင်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် တက်ရောက် လာကြသော အဖွဲ့ဝင်များက လုပ်ငန်းစီမံချက်များ အပေါ်ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိပါသည်။