မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
    မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရီဟိုတယ်၌ကျင်းပခဲ့ရာ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
    အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်က အားထားရမည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲဆောင်ရွက် လျက်ရှိကြောင်း၊ လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဖြင့်ဆောင်ရွက်ရပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း များကို တိတိကျကျ ကြိုတင်ဆောင်ရွက်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုများကို ဟန့်တားနှောက်နှေး စေနိုင်သည့် ကိစ္စများကို လျော့နည်းအောင်ကာကွယ်ခြင်းဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူ ပြုနိုင်သည့်အတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာန တစ်ခုကိုဖွင့်လှစ်ခဲ့ကြောင်း၊ လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးတွင် မသန်စွမ်းများနှင့် ပက်သက်၍ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းကော်မတီများ ပေါ်ပေါက်ခဲ့ ပြီးဖြစ်၍ မဟာဗျူဟာရေးဆွဲနေပြီဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးဦးစားပေးလုပ်ငန်း (၈)ချက်တွင် မသန်စွမ်းသူများအား ထောက်ပံ့ပေးခြင်းပါဝင်ကြောင်း၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့်ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများတွင် ရှေးဦးအရွယ် ကလေးသူငယ်များ၏ ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုကို တိုင်းတာစစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် မသန်စွမ်းမှုများကို လျော့ချနိုင်မှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် ပညာရပ်ကျွမ်းကျင်သူများလည်းလိုအပ် ပါကြောင်း၊  မသန်စွမ်းသူများအတွက် ပိုမိုထိရောက်သော ထောက်ပံ့မှုများနှင့် ပညာရေး၊ ကျန်းမားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးစသည့် အခွင့်အရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန် မသန်စွမ်း အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စာရင်းဇယားများ တိတိကျကျရရှိရန် အရေးကြီးကြောင်း၊ မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း များကို ကနဦး အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် စမ်းသပ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ယနေ့မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများ မှတ်ပုံတင်ခြင်းအစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးကိုဖေါ်ဆောင်ရာတွင် အရေးကြီးသည့် အစိတ်အပိုင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆွေးနွေးမှုများတွင် နိုင်ငံတကာ၏အတွေ့အကြုံများကို လေ့လာပြီးသူများ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်ကြမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ထိထိရောက်ရောက် အကောင်အထည် ဖေါ်နိုင်ရန် အားလုံးဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် ယူနီဆက်(မြန်မာ)မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်းသည့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
     အဆိုပါ ဆွေးနွေးပွဲကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်၍ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ မသန်စွမ်းသူများ၏ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ တွင် တာဝန်ယူဆောင်ရွက်ရမည့်အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြရာ မသန်စွမ်းမှုအဆင့်စိစစ် သတ်မှတ်သည့်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များအား သတ်မှတ်ခြင်း၊ မသန်စွမ်းသူများ အသင်းအဖွဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် မသန်စွမ်းသူများအတွက် ဆောင်ရွက်နေ သော အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူး ရွေးချယ်ရန် စံနှုန်းများ၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူး၏ တာဝန်များ၊ မှတ်ပုံတင်ကြီးကြပ်ရေးမှူး အတွက် လိုအပ်သောပံ့ပိုးမှုများနှင့် မသန်စွမ်းသူများ မှတ်ပုံတင်လျှောက်ထားရန် လွှဲပို့ခြင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် မသန်စွမ်းသူများအတွက် လိုအပ်သော ပံ့ပိုးမှုများဆောင်ရွက်ပေးရန် စသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter

နောက်ဆုံးရသတင်းများ