ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Portland State University မှ ECI လုပ်ငန်းတာဝန်ရှိသူများ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁၆-၉-၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား  Portland State University မှ Early Intervention Program ၏ Program Coordinator ဖြစ်သူ Associate Professor,  Dr. Hollie Hix-Small နှင့် ECI Team အဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမှုဝါဒနှင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကလေးသူငယ်များ မသန်စွမ်းဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင် ရန်အတွက် မသန်စွမ်းဖြစ်ခြင်းကို ကြိုတင်သိရှိနိုင်ပြီး ကာကွယ်ကုသပေးနိုင်သော Early Childhood Intervention (ECI) လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ECI လုပ်ငန်းအတွက် လိုအပ်သော ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ECI Team က မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရေဘေးကြောင့်ပျက်စီးသွားသော ECI လုပ်ငန်း အကောင်အထည်ဖော်ရာတွင် အသုံးပြုသည့် အဆောက်အဦကို ပြုပြင်ရန် ငွေကျပ်(၁၀)သိန်းကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ