စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်တွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အဖွင့်အမှာစကားပြောကြား
ရန်ကုန်၊ ၂၉.၁၂.၂၀၁၉
စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မီလီ)က ဦးဆောင်၍ ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။
ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကို ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မ ရှင်ဥက္ကဌ ဦးဝင်းမြ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာ နိုင်ငံဆိုင်ရာဖင်လန်နိုင်ငံ သံအမတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးဦးနိုင်ငံလင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အရှေ့ဆောင်အဖွဲ့(မီလီ)၏ အမှုဆောင် ဒါရိုက်တာ ဦးနေလင်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ မသန်စွမ်းအနုပညာရှင်များ၊ ပွဲတော်ကျင်းပနိုင်ရေးအတွက် ပံ့ပိုးပေး ကြသည့် အလှူရှင်များနှင့်အတူစုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ အနုပညာ ပွဲတော်များထဲတွင် မသန်စွမ်းအနုပညာပွဲတော်ဖြစ်သည့်အတွက် ထူးခြားပါကြောင်း၊ မသန်စွမ်း အနုပညာပွဲတော်သည် (၄) ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည် ဟုသိရှိရပါကြောင်း၊ ထို့အပြင် ၂၀၁၄ ခုနှစ်တွင် အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာနိုင်ငံက အိမ်ရှင်အနေဖြင့်ကျင်းပခဲ့ရာ မသန်စွမ်းသူူများအတွက်အနုပညာစွမ်းရည်များပြသရန်လမ်းပွင့် ခဲ့ကြောင်း၊ အနုပညာနှင့် ပတ်သက်၍ခံစားမှုနှင့် ဖန်တီးမှုများအတွက်စွမ်းရည်လိုပါကြောင်း၊ ထို မသန်စွမ်းအနုပညာရှင်များသည် မိမိတို့၏မသန်သော်လည်းစွမ်းနိုင်မှုကိုအနုပညာ ဖြင့် ပြသနေခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက် မိမိတို့၏စွမ်းရည်များကိုပြသရန် အဟန့်အတား၊ အတားအဆီးများပယ်ပျောက်ပြီး လက်လှမ်းမီရန်လိုအပ်ပါကြောင်း၊ လက်လှမ်းမီစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းများနှင့် ပတ်သက်၍ ပြောမှားဆိုမှား၊ အယူအဆမှား၊ ခံယူချက်အမှားအားလုံးကို ပြုပြင်နိုင်ရန် ဆောင်ရွက်နေသည့် ကာလလည်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများ ၏လူ့အခွင့်အရေးများဖော်ဆောင်ဖို့ အဆင့်ဆင့်ကြိုးစားဆောင်ရွက်နေသည်ကို အားလုံးအသိ ပင်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုသလမဂ္ဂကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီကို ဒုတိယသမ္မတ(၂) ဦးဆောင် ဖွဲ့စည်းထားကြောင်း၊ လက်တွေ့ဖော်ဆောင်ဖို့ လုပ်ငန်းကော်မတီကိုလည်းဖွဲ့စည်းပြီး မသန်စွမ်းများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မသန်စွမ်းအမျိုးသမီးများနှင့် ကလေးသူငယ်များ ၏ကိစ္စများ၊ မသန်စွမ်းများနှင့် ပတ်သက်သောသုတေသနလုပ်ငန်းများ၊ ဘေးဒုက္ခများ ကြားတွင်မသန်စွမ်းများ အားအလေးထားရေးကိစ္စ၊ အဓိကအားဖြင့် မသန်စွမ်းများတရား မျှတမှုရရှိရေးစသည့်ဖြင့် ကဏ္ဍအသီးသီးကို ပြည့်စုံစွာဆောင်ရွက်ပေးနိုင်ရန် ဆပ်ကော်မတီ (၉)ခုကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများအားစွမ်းနိုင် သမျှစွမ်းအောင် ဆောင်ရွက်ပေးသကဲ့သို့ မသန်စွမ်းသူများကိုယ်တိုင်က ကြိုးစားအား ထုတ်မှုများကို ပြသနေသည့်အတွက် အားတက်စရာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်း သူများအဖွဲ့ချုပ်က အမျိုးသားကော်မတီတွင်ပါဝင်သကဲ့သို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း မသန်စွမ်းများကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်းများကို ဖွဲ့စည်းလျက်ရှိပါကြောင်း၊ အဆိုပါအဖွဲ့များနှင့် အစိုးရကဖွဲ့စည်းထားသော ကော်မတီများ ပူးပေါင်းပြီး မသန်စွမ်းများအား စွမ်းနိုင်သမျှစွမ်းအောင် ပူးပေါင်းကူညီဆောင်ရွက်နိုင်မည်ဟု ပြောကြားလိုပါကြောင်း၊ မသန်စွမ်းများနှင့် ပတ်သက်၍ ကုလသမဂ္ဂက အကြံပြုထားသည့် အရေးကြီးသည့် အချက်တစ်ချက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးရာတွင် စောင့်ကြပ်ကြည့်ရှု့ခြင်း၊ အကြံပေးခြင်း၊ အကဲဖြတ်ခြင်းများကို ဆောင်ရွက်ပေးနိုင်ရန် Independent Monitoring အဖွဲ့ကို ဖွဲ့စည်းသွားရန် အကြံပြုထားပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်တွင် ပါဝင်သော ပုဂ္ဂိုလ်များ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ထက်မြတ်သောလွတ်လပ်သည့် ပုဂ္ဂိုလ်များ ပူးပေါင်း ပါဝင်၍ မကြာခင်ဖွဲ့စည်းသွားဖို့ရှိပါကြောင်း၊ ထို့ကဲ့သို့ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်း များအတွက်ကြိုးပမ်းဆောင်ရွက်နေမှုများပိုမိုပီပြင်လာမည်ဖြစ်ကြောင်း၊နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်သူလူထု၏အင်အား လိုအပ်ပါကြောင်း၊ ပြည်သူများထဲတွင် မသန်စွမ်းများ၏အင်အားကို ချန်လှပ်ထား၍ မရပါကြောင်း၊ မသန်စွမ်းများ၏အင်အားသည် တိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းမှုကိုဆောင်ရွက်ရာတွင် ကြီးမားသော အင်အားတစ်ခုဖြစ်လာမည်ဟု ယုံကြည် ပါကြောင်း၊ မသန်စွမ်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးရန်တိုက်တွန်းပါကြောင်းနှင့် ယနေ့ကျင်းပသည့် ပွဲတော်သည် မသန်စွမ်းသူများ၏အနုပညာခံစားမှုနှင့် ဖန်တီးမှု စွမ်းရည်များကို ဖော်ထုတ်သည့်ပွဲ ဖြစ်ပြီးကူညီဆောင်ရွက်ပေးသောအနုပညာရှင်ကြီးများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမသန်စွမ်းအနုပညာရှင်များ၊ ဖင်လန်နိုင်ငံသံရုံးနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပွဲတော်၏ သံတမန်အဆိုတော် ဦးဇော်ဝင်းထွဋ်က မုဒိတာစကားပြောကြားခဲ့ပြီး ပွဲတော်ကိုပံ့ပိုးကူညီပေး ကြသည့် အလှူရှင်များကိုယ်စား ဖင်လန်နိုင်ငံသံအမတ်ကြီး Ms. Riikka Laatu က ဂုဏ်ပြုဝမ်းမြောက်ကြောင်း စကားပြောကြားခဲ့ကာ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင် အဖွဲ့(မီလီ)၏ အမှုဆောင်ဒါရိုက်တာဦးနေလင်းစိုးက ပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပံ့ပိုးကူညီပေးကြသည့် အလှူရှင်အဖွဲ့များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဖွင့်ပွဲဖျော်ဖြေရေးအစီအစဉ်များကို ကျင်းပရာ မီလီအဖွဲ့က Wheel Chair အကဖြင့်လည်ကောင်း၊ Redeafination စင်ကာပူ နားမကြားအကအဖွဲ့၏ အကဖြင့်လည်ကောင်း၊ BMG Philippine Wheel Chair Para Dance – sport အကဖြင့်လည်ကောင်း ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဥက္ကဌက အနုပညာရှင်များအားဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ် ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွဲတော်အတွင်း ပြသထားသော ပြခန်းများ၊ မသန်စွမ်း အဖွဲ့အစည်းများ၏ ထုတ်ကုန်နှင့် အရောင်းဆိုင်ခန်းများကို လှည့်လည် အားပေးကြည့်ရှု့ခဲ့ကြပါသည်။
ယင်းနောက် ပွဲတော်အစီအစဉ် ဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံ မသန်စွမ်းအနုပညာရှင် အသီးသီး၏ အဆို၊ အက၊ အတီးများ၊ တေးသရုပ်ဖော်များဖြင့်လည်ကောင်း၊ နိုင်ငံကျော် အဆိုတော်များ၏ အားဖြည့်သီဆိုမှုများဖြင့်လည်ကောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကို ဆက်လက်ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။