လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲရေးစနစ်ဆိုင်ရာလုပ်ငန်း အကောင်အထည်ဖော်ရေး အတွက် စံလုပ်ငန်းလမ်းညွှန် မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၈-၁၂-၂၀၁၉
    လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲရေးစနစ်ဆိုင်ရာလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရေး အတွက် စံလုပ်ငန်းလမ်းညွှန် မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်၊  Hotel Max ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ပြည်သူများအတွက် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များစွာရှိကြောင်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ လုံလောက်သော လျှပ်စစ်မီးရရှိရေး၊ ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေး၊ အားလုံးလက်လှမ်းမီသော ပညာရေး၊ ကျန်းမာရေးများရရှိရန်  သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုလိုအပ်ချက်များကို အခြေခံ၍ ဆက်စပ်ဖြစ်ပေါ်လာသော လူမှုဒုက္ခများကို ပြည်သူများရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ ပြောင်းလဲလာသော ခေတ်အခြေအနေနှင့် Social Media များကြောင့် အချို့သော ကိစ္စများသည် ပိုမိုရှုပ်ထွေးလျက်ရှိကြောင်း၊ ပဋိပက္ခများကြားတွင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းများနှင့် သက်ကြီးရွယ်အိုများ၏ လူမှုရေးရာဖြစ်ရပ်များကို စနစ်တကျ ဖြေရှင်းရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုရေးရာဒုက္ခများနှင့်ပတ်သက်၍  မွေးစမှသက်ကြီးရွယ်အိုအထိ လူမှုဒုက္ခ ခံစားနေရသောသူများ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သောဘေးဒဏ်များကြောင့် ဒုက္ခခံစားနေကြရ သူများအတွက် ပံ့ပိုးကူညီဖြေရှင်းပေးလျက်ရှိပါကြောင်း၊ လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေများအပေါ် အခြေခံ၍ မဟာဗျူဟာများ ဖော်ဆောင်ပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ဒုက္ခခံစားနေရသောပြည်သူများ အကျိုးထိရောက်စွာဖြစ်ထွန်း စေရန် စံလုပ်ငန်းလမ်းညွှန် ( Standard Operation Procedure ) လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်က ချမှတ်ခဲ့ပြီး လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန်ကို ၂၀၁၅ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း ကလေးသူငယ်များအတွက်သာ အဓိကထား၍ စံလုပ်ငန်းလမ်းညွှန်ကိုရေးဆွဲခဲ့ရာ ကျား၊  မ ရေးရာအပါအဝင် လူငယ်များနှင့် သက်ကြီးရွယ်အိုအထိ လူမှုဖြစ်ရပ်မျိုးစုံအတွက် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးကို အကောင်အထည်ဖော်ရမည်ဖြစ်သဖြင့် ယခုစံလုပ်ငန်းလမ်းညွှန်အသစ်ကို ထပ်မံရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူ့ဘဝစက်ဝန်းတစ်လျောက်လုံး ကြုံတွေ့ရသောလူမှုဒုက္ခဖြစ်ရပ်များသည် များပြားပါကြောင်း၊ ဘက်စုံလူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းဖြစ်သောကြောင့် ဌာနဆိုင်ရာများနှင့် ကဏ္ဍအသီးသီးရှိ အဖွဲ့အစည်းများ ၏ တာဝန်ရှိသူတစ်ဦးချင်းက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုရေးဆွဲထားသည့် စံလုပ်ငန်းလမ်းညွှန်တွင် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်များပါဝင်ကြောင်း၊ လုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင်  လူသားစွမ်းရည် မြင့်မားရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနက လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ Case Manager များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ မည်သည့်လုပ်ငန်းမဆို ကြီးကြပ်မှုလိုအပ်သည့်အတွက် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲကြီးကြပ်သူ Case Supervisor များကိုလည်း မွေးထုတ်ပေးလျက်ရှိကြောင်း၊ လူမှုအဖွဲ့အစည်းများ၊ NGO ၊ UN ၊ INGO များ အားလုံးပူးပေါင်းဆောင်ရွက်မှသာ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲရေးစနစ်ဆိုင်ရာ လုပ်ငန်း အကောင်အထည်ဖော်ရေး အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသော လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများရှိ ကိုယ်စားလှယ်များနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူး ခဲ့ကြပါသည်။
    မိတ်ဆက်ဖြန့်ချိခဲ့သော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေးစနစ်ဆိုင်ရာလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး စံလုပ်ငန်းလမ်းညွှန်စာအုပ်သည် ယနေ့မျက်မှောက်တွင် ကြုံတွေ့နေရသော လူမှုရေးထိခိုက် မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် အရေးပါပြီး နိုင်ငံတော်၏ လူမှုစီးပွား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ