ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံ၍ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး
နေပြည်တော်၊ ၁၅.၃.၂၀၂၀
Corona virus disease (COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုချိန်သည် COVID-19 ကူးစက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကြေငြာထားပြီး၊ နိုင်ငံတော် သမ္မတရုံးကလည်း ပြည်သူလူထုကို ပန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတတ်နိုင်ဆုံး ကာကွယ်ကုသမှုများအတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် “ပြည်သူများက မိမိတို့တစ်ဦးချင်းကိုယ်တိုင်” တာဝန်ယူဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ ယခုအချိန်အထိ ရောဂါပိုးကူးစက်ခံရသည်ဟု သေချာသောသူ မတွေ့ရှိသေးသော်လည်း၊ တရုတ်နိုင်ငံပြင်ပ ကမ္ဘာ့နိုင်ငံများတွင်ကူးစက်ခံရသူဦးရေ နေ့စဉ်တိုးတက်များပြားလျက်ရှိပါကြောင်း၊ ကူးစက်မှု ရှိပြီးသောနိုင်ငံများမှ ဝင်ရောက်လာသူများမှတဆင့် ကူးဆက်ခံရနိုင်ချေ ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေရသော ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး COVID-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်သည့် ဗဟုသုတအသိအမြင်အသစ်များကို မျက်ခြည်မပြတ် ရန်နှင့် အသိနှင့်အတူ အထူးသတိပြုနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဦးစီးဌာနအလိုက် ပြည်သူ့အကျိုးပြုဆောင်ရွက်မှုများတွင် လုပ်ငန်းလည်ပတ်မှု မရပ်တန့် စေရန် Corona virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏လမ်းညွှန်မှုများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ နေ့စဉ်ထုတ်ပြန်ကြေငြာချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ထိခိုက်လွယ်အုပ်စုများနှင့် ဆက်စပ်လုပ်ကိုင်ရသဖြင့် ကလေးသူငယ် များ၊ သက်ကြီးရွယ်အိုများ၊ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ရာတွင် အထူးသတိရှိရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား အသိပညာပေးရန်နှင့် မိမိတို့ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံခြားသားများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လုပ်ငန်းတာဝန်များ ဆက်စပ်ဆောင်ရွက်ရာတွင် ယခုကာလ အတွင်း Email, Viber, Skype များကို အဓိကထားအသုံးပြု၍ ချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော နေပြည်တော်ကောင်စီနယ်မြေအပါအဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ညွှန်ကြားရေးမှူးများက သိလိုသည့် အချက်အလက်များအား မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။