ကရင်ပြည်နယ်ရှိ Quarantine Center များနှင့် မြဝတီနယ်စပ်ဂိတ်တွင် ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြု
ဘားအံ ၊ ၁၈.၆.၂၀၂၀
နေရပ်ပြန်များ အများဆုံးပြန်လည်ဝင်ရောက်ကြသည့် မြဝတီနယ်စပ်ဂိတ်နှင့် ကရင်ပြည် နယ်ရှိ Quarantine Center များတွင် ကူညီဆောင်ရွက်ကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာအဆောက်အအုံ များတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန် ဆောင်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်း တို့ကို အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးအရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်အထွေထေွအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါဆောင်ရွက်ခဲ့ကြ ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံနည်းပညာတက္ကသိုလ်အတွင်း၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့်နေရာသို့ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာ ကန့်သတ်ထားရှိသူများနှင့် မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာကြသော နေရပ်ပြန်များ အား ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ခြင်း၊ စေတနာ့ ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ ဝန်ထမ်းကိုယ်စားလှယ်တို့ထံ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကရင်ပြည်နယ်အတွင်းရှိ အသွားအလာကန့်သတ်ခြင်းနေရာများတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၂၉၇) ဦး၊ အသက်(၅)နှစ်အောက်ကလေး (၁၇၄)ဦးနှင့် အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးရွယ်အို (၁၈)ဦး တို့အတွက်တစ်ဦးလျှင်ငွေကျပ် (၃)သောင်းနှုန်းဖြင့်ထောက်ပံ့သည့် စုစုပေါင်းငွေကျပ် ၁၄,၆၇၀,၀၀ဝိ/- (ကျပ်တစ်ရာလေးဆယ့်ခြောက်သိန်း ခုနှစ်သောင်းတိတိ)ကို ပြည်ထောင်စု ဝန်ကြီးက စခန်းတာဝန်ခံထံသို့ ပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက Quarantine Center များနှင့် မြဝတီနယ်စပ်ဂိတ်တွင် ကူညီ ဆောင်ရွက်ပေးကြသည့် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအား အထူးကျေးဇူး တင်ရှိကြောင်း၊ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် COVID -19 ကာလ၏ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ရာ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အား တွေ့ဆုံ၍ တစ်ဦးတစ်ဖွဲ့ချင်းပေးအပ်ခြင်း၊ အခမ်းအနားဖြင့် ဂုဏ်ပြုပြောကြားခြင်းများကို လက်ရှိအခြေအနေအရဆောင်ရွက်၍ မရနိုင်ပါကြောင်း၊လိုအပ်ချက်များကို မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့မှ အဆင့်ဆင့်သတင်းရယူ၍ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
ယနေ့ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မြဝတီခရိုင်တို့အတွင်းရှိ စုစုပေါင်းစေတနာ့ဝန်ထမ်း(၂၄၁) ဦး၊ ပရဟိတအဖွဲ့ (၂၃) ဖွဲ့ တို့အတွက် ပေးအပ်ခဲ့သည့် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကရင်ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များလက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များစာရင်း ကျန်ရှိခြင်းများ ရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ကျန်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် COVID -19 လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏ စိစစ်မှုဖြင့် ဆက်လက်ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ပါသည်။
ယနေ့ကရင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါ ပြန့်ပွားမှုမရှိစေရန် လိုက်နာရန်ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။