သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် သိပ္ပံနှင့်နည်းပညာပံ့ပိုးမှု လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
နေပြည်တော်၊ဇူလိုင် ၂၆
၂၀၁၇ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အချို့ဒေသ များတွင် မြစ်ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိရာ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ရပ်ကွက်ကျေးရွာ များတွင်ရှိကြသော ပြည်သူများသည် ရေကြီးနစ်မြုပ်မှုကြောင့် ယာယီရေးဘေးရှောင်
စခန်း များသို့ ခေတ္တခိုလှုံနေထိုင်လျက်ရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ရေးဘေးရှောင်ယာယီခိုလှုံရေးစခန်းတစ်ခုဖြစ်သော ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက် တောရဘုန်းတော်ကြီးကျောင်းသို့ (၂၃.၇.၂၀၁၇)ရက်နေ့တွင်ရောက်ရှိကြပြီး
ရေဘေးရှောင် ပြည်သူများနှင့်တွေ့ဆုံကာ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပါသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်ထောင်စု အစိုးရနှင့်ပြည်နယ်အစိုးရတို့ပူးပေါင်းဆောင်ရွက်နေသည့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်နိုင်ရေး လမ်းညွှန်မှု ပြုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးကို အမြဲရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၊ သစ်တောသစ်ပင်ပြုန်းတီးမှု၊ ပင်လယ်ရေမျက်နှာပြင်အောက် ကြမ်းပြင်မြင့်တက်မှု၊ ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် ရင်းနှီးမြုပ်နှံမှုအားနည်းမှုနှင့် သဘာဝဘေးကြိုတင်ကာကွယ် ရေးနှင့် ခံနိုင်ရည်ရှိမှုတို့ ဆောင်ရွက်ရာတွင် သိပ္ပံနှင့်နည်းပညာ အသုံးချမှု အားနည်းခြင်းတို့သည် အဓိကအကြောင်းရင်းများဖြစ်ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် ပြည်သူတို့ ခံစားနေရသော ဘေးဒုက္ခများအတွက် လတ်တလော ဖြေရှင်းနည်းနှင့် ရေရှည်ဖြေရှင်းရန် နည်းလမ်းနှစ်မျိုးလုံးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလော အနေဖြင့် ဘေးဒုက္ခရောက်နေသူများကို ချက်ချင်းကူညီထောက်ပံ့မှုပြုခြင်း၊ ရေရှည်အတွက် ကြိုတင်ကာကွယ်ရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ
အားလုံး ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေးဘေးရှောင်ပြည်သူများ လတ်တလော စားသုံးရန်အတွက် ဆန်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ရေသန့်
နှင့် ကလေးငယ်များအတွက် ကစားစရာ အရုပ်နှင့် အာဟာရမုန့်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် ကျိုက်ထိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခု ကျိုက်ထိုမြို့နယ် ရေကြီးမှုသည် အနှစ်(၂၀)အတွင်း ပထမအကြိမ် အကြီးမားဆုံး ဖြစ်ကြောင်း၊ ဖြစ်စဉ်၏အဓိကအကြောင်းရင်းမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ တောင်ကျရေများ
နုန်းနှစ်များဖြင့် စီးဆင်းကျလာခြင်း၊ ရေထွက်လမ်းချောင်းငယ်များ ကျဉ်းမြောင်းတိမ်ကောခြင်း၊ လူနေရပ်ကွက်များ စနစ်ကျမှုမရှိဘဲ တိုးချဲ့လာခြင်းတို့ကြောင့် ဖြစ်သဖြင့် လာမည့်နှစ်များတွင် ထပ်မံဆိုးရွားစွာ မဖြစ်စေရေး ရေရှည်စီမံချက် ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို ပြန်လည်ဆွေးနွေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖိုက်ဘာ
စက်တပ်လှေ (၅)စီးနှင့် အသက်ကယ်အင်္ကျီ (၁၅၀)ထည်အတွက် ထောက်ပံ့ငွေ(၁၂၅)သိန်း၊ ချိန်းစောလွှ (၂)လက်၊ ရွက်ဖျင်တဲ(၅)လုံးနှင့် လက်ကိုင်စကားပြောကိရိယာ(၅)လုံး တို့ကိုလည်း ထောက်ပံံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။