ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice- Minister H.E. Mr. Iwao HORLLနှင့် Christian Aid Myanmar အဖွဲ့ တို့က သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော်၊၂၀၁၇၊စက်တင်ဘာ ၂၂

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားဂျပန်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice-Minister H.E. Mr. Iwao HORLL နှင့် Christian Aid Myanmar အဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် (၂၁.၉.၂၀၁၇)ရက်၊နေ့လည်ပိုင်းက သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။တွေ့ဆုံရာတွင် H.E. Mr. Iwao HORLLက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားဘက်ပေါင်းစုံမှကူညီရန်မူဝါဒမှာမပြောင်းမလဲရှိပါကြောင်း၊မြန်မာနိုင်ငံအနေဖြင့်ရခိုင်ပြည်နယ်အရေးကိစ္စကိုအခက်အခဲများ စွာကြားမှ ဖြေရှင်းဆောင်ရွက်နေရတာကို သိရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရမှုအပေါ် ဂျပန်နိုင်ငံကပြင်းထန်စွာရှုံ့ချပါကြောင်း၊ယခုအခါဒုက္ခသည်၄၀၀၀၀၀ခန့်ထွက်ပြေးနေရသည်ဟူသောသတင်းများအပေါ် စိုးရိမ်မကင်း ဖြစ်မိ ပါကြောင်းနှင့် ယင်းကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေး ပါသည်။

          ပြည်ထောင်စုဝန်ကြီးကဒီမိုကရေစီအစိုးရသစ်သက်တမ်း၁၈လသာရှိသေးပြီးဒီမိုကရေစီပြန့်ပွားရေး၊တရားဥပဒေစိုးမိုးရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးရေးကို   ဦးစားပေးဆောင်ရွက်နေကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်နေပါကြောင်းပြောကြားပါသည်။ အစိုးရသစ်အနေဖြင့် ဖွံ့ဖြိုးမှုနောက်ကျသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီ(၄)ရပ်ဖွဲ့စည်း၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေ များ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မတီဖွဲ့စည်းမှု၊ ယင်းကော်မတီဖွဲ့ပြီး ၂၀၁၆ခုနှစ်၊ အောက်တိုဘာလတွင် ရဲစခန်းများ တိုက်ခိုက်ခံရမှု၊ ယင်းအတွက်နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ တွင် စွပ်စွဲမှုများရှိလာ၍ ဒုတိယသမ္မတဦးဆောင်သော မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်မှု၊ အဆိုပါ ကော်မရှင်(၂)ရပ်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် မိမိအား ဥက္ကဌတာဝန်ပေးအပ်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီဖွဲ့စည်းမှှု၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏အပြီးသတ်အစီရင်ခံစာတင်သွင်းပြီးနောက်ရခိုင်မြောက်ပိုင်းတွင်ရဲကင်း စခန်း(၃၀)အား အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ အကြမ်းဖက်သမားများက လူနည်းစုတိုင်းရင်းသားများဖြစ်သည့် မြိုလူမျိုးများ၊ ရခိုင် လူမျိုးများ၊ ဟိန္ဒူဘာသာဝင်တို့နှင့် ၎င်းတို့၏ သြဇာမခံသော မူဆလင်ခေါင်းဆောင်များအား သတ်ဖြတ်မှုအခြေအနေများ၊ ဝန်ကြီးဌာန၏မူရင်းတာဝန်ဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင်အထူးတာဝန်အဖြစ်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ရေးတာဝန်ပေးအပ်မှု၊လူသားချင်းစာနာမှုလုပ်ငန်းများကိုနိုင်ငံတော်အစိုးရကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အသွင်ဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ထားမှု၊ ပြန်လည်ထူထောင်ရေးအတွက် မြေပြင်လေ့လာဆန်းစစ်မှှုများ ပြုလုပ်နေပြီး မကြာခင် အကောင်အထည်ဖော်မည့် အခြေအနေများ၊ မြေပြင်လူဦးရေစာရင်းဇယားအရ ၄၄% ထွက်ပြေးပြီး ၅၆% ကျန်ရှိပါကြောင်း၊ စုစုပေါင်းလူဦးရေ ၇ သိန်းအနက် မှ ၄၄% ထွက်ပြေးခြင်း ဖြစ်ရာ ၄၀၀,၀၀၀ ကျော်မရှိနိုင်ပါကြောင်း၊ ပြန်လည်လက်ခံရေးကို  နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ် - မြန်မာ သဘောတူညီချက်ပါ မူများအရ ပြန်လည်လက်ခံ မည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များတွင် ချက်ချင်းဆောင်ရွက်ရန်လိုအပ်ပြီး  ချက်ချင်းအကျိုးရှိမည့် လုပ်ငန်းများပါသလို ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ရှိပါကြောင်း၊ အစီရင်ခံစာပါအခြေအနေနှင့် ယခုလက်ရှိအခြေအနေ မတူကွဲပြား သွားတာမျိုးလည်းရှိပါကြောင်း၊ လက်ရှိအခြေအနေကိုရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီတွင် ပါဝင်သည့်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များက မြေပြင် ကွင်းဆင်းလေ့လာပြီးဖြစ်ကြောင်း၊ ၎င်းတို့သုံးသပ်ချက်များကို အခြေခံ၍ ပြည်သူကိုလက်ငင်း အကျိုးပြုနိုင်မည့် အကြံပြုချက်များကို ဦးစားပေးကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဆွေးနွေး ပါသည်။

          ဂျပန်နိုင်ငံဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း နယူးယောက်ကုလသမဂ္ဂအစည်းအဝေးတွင် ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာ၏အမြင်မှာ အင်မတန်ပြင်းထန်သည်ဟုသိရပါကြောင်း၊ ဂျပန် နိုင်ငံသည် မြန်မာနိုင်ငံ၏မိတ်ဆွေနိုင်ငံအဖြစ် မိတ်ဆွေ အခက်အခဲဖြစ်ချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရေးပေါ်အကူအညီအတွက် အမေရိကန်ဒေါ်လာ (၁)သန်းကူညီရန်ရှိပါကြောင်း၊ တစ်ဖက်နိုင်ငံသို့ရောက်သွားသူများ ပြန်လည်နေရာချထားရေးလုပ်ငန်း တွင်လည်း ကူညီရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖေါ်နိုင်ရေးလုပ်ငန်းစဉ်တွင်လည်း ကူညီမည်ဖြစ်ပါကြောင်း၊ ဦးစားပေးလုပ်ငန်း စဉ်များနှင့် လိုအပ်သည့် အကူအညီများကို သိရှိလိုပါကြောင်း ပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အကောင်အထည်ဖေါ်ရေး လုပ်ငန်းတွင် လုံခြုံရေးက အရေးကြီးသဖြင့် နယ်စပ်ခြံစည်းရိုး ကာရံရေး ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအား လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လျှပ်စစ်မီး အသုံးပြုနိုင်စေရန် လမ်းနှင့်လျှပ်စစ်ကောင်းပါက လူမှုစီးပွားဘဝဖွံ့ဖြိုးစေရန်အတွက် အထည်ချုပ် စက်ရုံထူထောင်ရေးနှင့် မူရင်းရှိပြီးသား စက်မှုဇုန်စီမံကိန်းများ အကောင်အထည်ဖေါ်ရန်ဖြစ်ပါကြောင်း၊ ယခုလိုခက်ခဲသည့် အခြေအနေတွင် နိုင်ငံတကာမှ မှန်ကန်စွာရပ်တည်မှုသည် အရေးကြီးပါကြောင်း၊ ရခိုင်ပြည်နယ်သည် ဘေးအန္တရာယ် ကျရောက်လွယ်သောဒေသဖြစ်၍ ဘေးဒဏ်ခုခံနိုင်ရေးလိုအပ်ပြီး ပြန်လည်ထူထောင်ရေးတွင် နည်းပညာ၊ ငွေကြေးများလိုအပ်ပါကြောင်းနှင့် ယခုလိုအကျပ်အတည်း ဖြစ်ချိန်တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးပါသော ဂျပန်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိ ပါကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

ဆက်လက်၍ Christian Aid အဖွဲ့ကို လက်ခံတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှှုများနှင့်ပတ်သက်၍ ခေတ္တနေရပ်စွန့်ခွာလာသော ဒေသခံတိုင်းရင်းသားများအား စိတ်၊ လူမှုရေး ဆိုင်ရာပံ့ပိုးမှုပေးနိုင်ရန် အဖွဲ့(၃)ဖွဲ့ခွဲ၍ လူမှုရေးဆိုင်ရာ အခြေခံစစ်တမ်းကောက်ယူနိုင်ရေးအတွက် သတင်းအချက်အလက်များ ကောက်ယူစုစည်းလျက်ရှိပြီး လိုအပ်သောစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများအား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာနှင့် စေတနာရှင်များက ပေးပို့လှူဒါန်းလာသည့် အလှူငွေနှင့်အလှူပစ္စည်းများကို လိုအပ်သော ကူညီထောက်ပံ့မှုများတွင် စနစ်တကျ ထိရောက်စွာ အသုံးပြုလျက်ရှိပါကြောင်းနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။   

 

 

         

FacebookTwitter