UEHRD၏လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank ၊ UNRC နှင့် ဥရောပကော်မရှင် တို့က သီးခြားစီလာရောက်တွေ့ဆုံ

 နေပြည်တော်၊၂၀၁၇၊အောက်တိုဘာ ၂၇    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank မှ Director for Myanmar,Cambodia and Lao PDR ဖြစ်သူ Ms. Ellen Goldstein ကလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၊ Ms.Renata Dessallien ကလည်းကောင်း၊ ဥရောပကော်မရှင်မှ သံအမတ်ကြီး H.E. Mr. Kristian Schmidt ကလည်းကောင်း (၂၆.၁၀.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။

          World Bank အဖွဲ့နှင့်တွေ့ဆုံရာတွင် Ms. Ellen Goldstein က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဥက္ကဌအဖြစ်ဦးဆောင်၍ ပြည်သူတစ်ရပ်လုံးပါဝင်မည့် ပြည်ထောင်စုစီမံကိန်း UEHRD၏ အကောင်အထည်ဖေါ် ဆောင်ရွက်မည့်လုပ်ငန်းများ၊ အဆိုပါပြည်ထောင်စုစီမံကိန်းအတွက် World Bank အနေဖြင့် နည်းပညာနှင့်ငွေအရင်းအနှီး အကူအညီပေးမည့်ကိစ္စများ၊ ပြန်လည် ထူထောင်ရေး မှစ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊မိသားစုများပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော အရည်အသွေး မြှင့်တင်ရေးသင်တန်းများနှင့် နည်းပညာအကူအညီများပေးနိုင်မည့်နည်း လမ်းများ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်ကိစ္စများကို ဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်မြောက်ပိုင်းတွင်အရှိန်မြှင့်ဆောင်ရွက်နေသောလူသားချင်းစာနာကူညီမှုလုပ်ငန်း များပြည်သူများ၏အင်အားကိုအဓိကထားပြီးမိတ်ဖက်နိုင်ငံများနှင့်အဖွဲ့အစည်းများ၏ကူညီပံ့ပိုးမှုများဖြင့်ဆောင်ရွက်မည့် UEHRD၏ လုပ်ငန်းများတွင် World Bankအနေဖြင့် ကူညီထောက်ပံ့ပေးနိုင်မည့်နည်းလမ်းများနှင့် အကြံပြုချက်များ၊ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်အရ ဆောင်ရွက်နေသည့် သက်ကြီးထောက်ပံ့ရေး လုပ်ငန်းများ၊ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းတို့မှမွေးဖွားလာသည့် ကလေး အသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးနေသည့် အစီအစဉ်များကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေး ခဲ့ကြပါသည်။

          ဆက်လက်၍ တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ Ms.RenataDessallienနှင့် တွေ့ဆုံရာတွင်၎င်းအနေဖြင့် ယခုလို မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အရေးပါသောလုပ်ငန်းတာဝန်များအားသိရှိပြီးကြိုးပမ်းဆောင်ရွက်နေမှုများအပေါ်တစ်ဖက်တစ်လမ်းမှအကူအညီပေးခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ဦးဆောင် ၍ ရခိုင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဒါဏ်ခံပြည်သူအားလုံးအတွက် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းများတိုးတက်မှုကို သိရှိပါကြောင်းပြောကြားရာ ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂ၏ အကူအညီများ၊ အကြံပြုချက်များအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏အစိုးရနှင့် နီးကပ်စွာ ပူးပေါင်း၍ အပြုသဘောဆောင်သောကူညီမှုများအတွက် အသိအမှတ်ပြုပါကြောင်းနှင့် UEHRD၏ အရှိန်ဟုန်မြှင့်ဆောင်ရွက်နေသော လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။

          ဆက်လက်၍ ဥရောပကော်မရှင်မှသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် တွေ့ဆုံရာတွင် ဥရောပသမဂ္ဂအနေဖြင့်(EU)အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မတီ၏ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေးအတွက်အထောက်အပံ့ပေးရန်အသင့်ရှိပါကြောင်း၊ သြဂုတ်လတိုက်ခိုက်မှုများမဖြစ်ခင်ကပင် LIFT မှတဆင့် ယူရိုသန်း၂၃၀ဖြင့် ဆောင်ရွက်နေသည့် ဥရောပသမဂ္ဂ၏ စီမံကိန်းများရှိနေပါကြောင်း၊ ပြည်ထောင်စုစီမံကိန်း UEHRDကို မိမိအနေဖြင့် ပြည်တွင်းမှ လူအား ငွေအားစုစည်း၍ ဆောင်ရွက်မည့်စီမံကိန်းကြီးဟု နားလည်ပါကြောင်း၊ UEHRD စီမံကိန်းများအတွက် အလှူငွေနှင့် ထောက်ပံ့ရေးအစီအစဉ်များ အဆင်သင့်ရှိပါကြောင်း၊ ပဋိပက္ခ ဒဏ်ခံ ပြည်သူများအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ကူညီလိုပါ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ရောက်ရှိလာမည့်သူများအတွက် ပြန်လည်လက်ခံရေးကို မည်သု့ိဆောင်ရွက်မည်ကို သိလိုပါကြောင်း၊ နေရပ်စွန့်ခွာနေထိုင်သူများ၏ လွတ်လပ်စွာ သွားလာ နေထိုင်ခွင့် ရ မရ သိလိုပါကြောင်း၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင် ဆောင်ရွက်နိုင်မှုအခြေအနေကို သိလိုပါကြောင်းနှင့် UEHRDတွင် နိုင်ငံတကာအကြံပေးအဖွဲ့ ဖွဲ့စည်း ထားခြင်း ရှိ၊ မရှိ သိလိုပါကြောင်း ဆွေးနွေးပါသည်။

          ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်အကောင် အထည်ဖော် ဆောင်ရွက်ရေးကော်မတီနှင့် ပြည်ထောင်စုစီမံကိန်း(UEHRD)၏ လုပ်ငန်းများမှာ အပြန်အလှန် ချိတ်ဆက်နေပါကြောင်း၊ ပြည်ထောင်စုစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ လူသား ချင်းစာနာ ကူညီမှုတိုးမြှင့်ပေးနိုင်ရေးနှင့် ဒုက္ခသည်များပြန်လည်လက်ခံရေး၊ စနစ်တကျပြန်လည် နေရာချထားရေးနှင့် ဖ့ွံဖြိုးတိုးတက်ရေးနှင့် နောင်တွင်ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေး ကာကွယ်ရန် ဖြစ်ပါကြောင်း၊ (UEHRD)တွင် ပြည်နယ်တိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (၁၅)ခုလုံး ပူးပေါင်း ပါဝင်မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မည့်အစီအစဉ်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ   အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဦးစားပေးလုပ်ငန်းများ ရွေးချယ်ပြီးဖြစ်ပါကြောင်း၊ ဦးစားပေးလုပ်ငန်းများမှာ ပြန်လည် လက်ခံရေးအတွက် နိုင်ငံသားစိစစ်မှုလုပ်ငန်းများ၊ လမ်း၊ တံတား ဆောက်လုပ်ရေး၊ မြေယာကိစ္စများ၊လျှပ်စစ်မီးရရှိရေးနှင့်  အိုးအိမ်ပြန်လည် တည်ဆောက် ပေးရေး တို့ဖြစ်ပါကြောင်း၊ ပြန်လည် နေရာချထားရေး စနစ်ကျစေရန်ကျေးရွာ/မြို့ပြစီမံကိန်းများတွင် ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဉ် (UNHABITAT)၏ နည်းပညာ ရယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြားဦးစားပေးအစီအစဉ်တွင် ၂၀၁၂ မှစ၍တည်ရှိနေသော ကယ်ဆယ်ရေးစခန်းများစနစ်တကျ ပိတ်သိမ်းရေးလည်းပါဝင်ပါကြောင်း၊ ပြန်လည်နေရာချထားရေး အတွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ပိုမိုကောင်းမွန်သော ပြန်လည် ထူထောင်ရေးဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ရရှိရေးမှာလုံခြုံရေးအရေးကြီးသဖြင့်ရဲတပ်ဖွဲ့ဝင်အင်အားနှင့်လက်နက်ကိရိယာတိုးချဲ့ တပ်ဆင်ရေး ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ UEHRD စီမံကိန်း ကုန်ကျငွေကိုသက်ဆိုင်ရာ ဝန်ကြီးဌာနများ က တွက်ချက်ဆဲဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှပြန်လည်ဝင်ရောက်လာသူများ လက်ခံရေး အတွက်လက်ခံရေးစခန်းများ ဖွင့်လှစ်မည်ဖြစ်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် ပူးပေါင်း၍ ပြန်လည်လက်ခံရေးဆိုင်ရာနည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို မကြာမီပြုလုပ်မည်ဖြစ်ကြောင်းနှင့်  EUနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

FacebookTwitter