UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု စေတနာ့ဝန်ထမ်းလူငယ်များ ဆက်လက်ပါဝင်ဆောင်ရွက်မည်
ရန်ကုန်၊၂၀၁၇၊နိုဝင်ဘာ ၂၇
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း(UEHRD)လုပ်ငန်းစဉ်တွင်ပါဝင်ဆောင်ရွက်မည့်စေတနာ့ဝန်ထမ်းလူငယ်များအတွက်ဒုတိယအကြိမ်လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို(၂၅.၁၁.၂၀၁၇)ရက်နေ့၊နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊သံလွင်လမ်းရှိအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန တွင်ကျင်းပပြုလုပ်ရာUEHRDဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးအတွက်ပထမအသုတ်သွားရောက်ဆောင်ရွက်ခဲ့သူများထံမှ အတွေ့အကြုံသင်ခန်းစာများရယူ၍ ယခု ဒုတိယအကြိမ် အတွက် အကောင်းဆုံးပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့အစိုးရအဖွဲ့သစ်အနေဖြင့် တာဝန်ယူ ဆောင်ရွက်သည့် ကာလမှာ လ(၂၀)ခန့်ရှိပြီဖြစ်ပြီး ပြည်သူ့အသံနှင့်ဆန္ဒအမှန်ကို သိရှိပြီး ပြည်သူ့လိုအပ်ချက်နှင့် ပြည်သူ့အကျိုးကို ဖြည့်ဆည်းဖော်ဆောင်ရန် အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒီမိုကရေစီလမ်းစဉ်ကို လျှေက်လှမ်းရာတွင် ပြည်သူ၏ကဏ္ဍသည် အရေးပါ ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် နိုင်ငံတကာက အာရုံစိုက်သည့်ကိစ္စရပ် ဖြစ်ပြီး တစ်နိုင်ငံလုံးသို့ အကျိုးသက်ရောက်မှု ရှိနိုင်ပါကြောင်း၊ ပြည်သူ့အင်အားဖြင့် အခက်အခဲများကို ကျော်လွှားနိုင်အောင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သည့် ပြည်ထောင်စုစီမံကိန်း UEHRD ကို ဖော်ထုတ်ထားရှိပါကြောင်း၊ မတူညီခြင်းကိုပေါင်းစပ်ပြီး ညီညွတ်မှုကို ရယူကာ ထိုညီညွတ်မှုမှသည် အောင်မြင်တိုးတက်မှုရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူထုတွင် ပါဝင်သည့် လူငယ်ထုအနေဖြင့် တာဝန်များကို လက်ဆင့်ကမ်းယူကြရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မှန်ကန်သည့် လမ်းကြောင်းကို သွားနိုင်ရေးအတွက် အမှားကိုသင်ခန်းစာယူ၍ ကောင်းကျိုးများကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပထမအကြိမ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းလူငယ်များအနေဖြင့် ဇွဲနှင့်လုပ်ချင်စိတ် အားထက်သန်မှု ကြောင့် အခက်အခဲများ စိန်ခေါ်မှုများစွာကို အောင်မြင်ကျော်လွှားနိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ လိုအပ်ချက်များ၊ စိန်ခေါ်မှုများကိုသင်ခန်းစာယူ၍ ယခု ဒုတိယအသုတ်တွင် ပြုပြင် ဆောင်ရွက်ခြင်းဖြင့် ပိုမို အောင်မြင်မှု ရရှိမည် ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ပြသနာများကို လူငယ်မျိုးဆက်သစ်မျာ သိရှိနားလည် ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရရှိမှုနှင့်အတူ ကောင်းမွေဆိုးမွေများ ပေါ်ပေါက်လာပါကြောင်း၊ အစိုးရ အဖွဲ့အသစ်အနေဖြင့် အဆိုပါပြဿနာများကို ပြီးပြတ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လူငယ်များ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ အစဉ်တစိုက် ဖြေရှင်းဆောင်ရွက်ခြင်းသည် နောက်ဆုံးတွင် အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်အောင် ရည်မှန်းချက်ထား ဆောင်ရွက်နေပါကြောင်း၊ အနှစ်သာရရှိသော ပြည်ထောင်စု စနစ်ဖြစ်ဖို့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်သည် အရေးကြီးပါကြောင်း၊ ငြိမ်းချမ်းမှုမှ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် မတူကွဲပြားမှုများအကြား ယုံကြည်မှုကို တည်ဆောက်ရန် လိုကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး အခြေအနေများကို ထိန်းညှိဖော်ဆောင်ပေးရန်လိုကြောင်း၊ လုပ်ငန်း သွားရောက်ဆောင်ရွက်မည့် လူငယ်များအနေဖြင့် မတူညီမှုများ၏ အင်အားကို ပေါင်းစည်းဆောင်ရွက် နိုင်ရေး တည့်မတ်ပေးမည့်စိတ်ဓာတ်မျိုး ထားရှိရန်လိုကြောင်း၊ သို့မှသာ အားလုံး ပြန်လည်ပေါင်းစည်း နေထိုင်နိုင်သည့် အခြေအနေကို ရရှိမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ယခုဖွင့်လှစ်သည့် ဒုတိယအကြိမ်သင်တန်းသို့ ရခိုင်ပြည်နယ်နှင့်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သင်တန်းသားစုစုပေါင်း(၅၀)ဦး တက်ရောက်လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဘေးဒုက္ခခံစားရသူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို မိသားစုလက်ဝယ် အရောက် အဖွဲ့တစ်ဖွဲ့လျှင် (၂၀)ဦးစီပါဝင်သောလူငယ်အဖွဲ့များဖွဲ့စည်း၍ ဒုတိယအကြိမ်အဖြစ် ရက်(၂၀) ကြာ အလှည့်ကျသွားရောက် လုပ်ငန်းဆောင်ရွက်မည် ဖြစ်ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် အမှတ် (၆၄)၊ ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီထောက်ပံံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း (UEHRD) လုပ်ငန်းများတွင် အသုံးပြုရန်အတွက် The ladies and Light Photo Exhibition 2017 အမျိုးသမီးဓာတ်ပုံဆရာမများက အလှူငွေကျပ် ၂၆၇၄၀၀၀ိ/- အားလည်းကောင်း၊ သစ္စာပါရမီ နာယကဆရာတော် ဒေါက်တာ အရှင်ဇယတိဿအား အမှူးထား၍ စင်္ကာပူ-မြန်မာ ဒါယကာ၊ ဒါယိကာမများမှ အလှူငွေကျပ် ၃၀၁၁၀၀၀ိ/-အားလည်းကောင်း၊ ဆေးတက္ကသိုလ် (၂) ၁၉၈၀-၈၅ Batch Charity Group က အလှူငွေကျပ် ၁၀၀၀၀၀၀ိ/- အားလည်းကောင်း တာဝန်ရှိသူများ က ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။