ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UNHCR နှင့် UNFPA တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရိ ၁၉          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှ ကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vinecentiis နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ မှ (UNFPA)မှကုသမဂ္ဂယာယီညှိနှိုင်းရေးမှူးဖြစ်သူMs.JanetE.Jacksonတို့က(၁၈.၁.၂၀၁၈)ရက်နေ့၊န့လည်ပိုင်းတွင်အဆိုပါဝန်ကြီးရုံးမေခလာ ခန်းမတွင် သီးခြားစီ လာရောက်တွေ့ဆုံ ပါသည်။

          ရှေးဦးစွာ UNHCR ကိုယ်စားလှယ်ဖြစ်သူ Mr. Giuseppe de Vinecentiis နှင့်တွေ့ဆုံရာတွင် UNHCR မှ တာဝန်ရှိသူများ လွန်ခဲ့သောဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ သွားရောက်လေ့လာခွင့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ အတွက် ပြန်လည်ထူထောင်ရေး၊ပြန်လည်နေရာချထားရေးလုပ်ငန်းများတွင် ပါဝင်ကူညီလိုပါ ကြောင်း၊ မိမိဆန္ဒအလျောက် နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောကြားပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ အကြံပြုချက်များ မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံ ရေးဌာန (၂)ခု ဖွင့်လှစ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယာယီနေထိုင်ရေးအဆောက်အဦများ အသင့်ရှိနေပြီဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးအတွက် လူနေအိမ်များဆောက်လုပ်နေပြီး နေထိုင်မည့်သူများကိုယ်တိုင် ပါဝင်ဆောက်လုပ်နိုင်ပြီး အခကြေးငွေရရှိမည်ဖြစ်ကြောင်း၊ သံတမန် များနှင့်သတင်းမီဒီယာတို့ သွားရောက်လေ့လာ သတင်းရယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရေးနှင့်ပတ်သက်၍ လမ်းညွှန်အကြံပြုချက် များ  ဆွေးနွေးပြောကြားခဲ့ပါသည်။

          ထို့နောက် UNFPA မှ ကုသမဂ္ဂယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Janet E.  Jackson နှင့်တွေ့ဆုံရာတွင် UNFPA မှ ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များနှင့်ကြိုးပမ်း ဆောင်ရွက်နေမှုများ အား သိရှိနားလည်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အစီအစဉ်အား သိရှိလိုပါကြောင်း၊ ဝန်ကြီးဌာနနှင့်ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ရခိုင်ပြည်နယ်အတွက်  ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးမှတဆင့် ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်သည့် လုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေးနှင့်ပတ်သက်၍ အကြံပြုချက် များ မေးမြန်းဆွေးနွေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအဖွဲ့များနှင့်သက်ဆိုင်ရာလုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဇန်နဝါရီလ(၂၃)ရက်နေ့မှစ၍စတင်၍ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ စတင်မည်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးစခန်း(၂)ခု ဖွင့်လှစ်ပြီး ပြန်လည်ဝင်ရောက်သူများ ယာယီနေထိုင်နိုင်ရေးအတွက် အဆောက်အဦများ အဆင်သင့်ဖြစ်နေပြီဖြစ်ပါကြောင်း၊ မြို့ရွာများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ စနစ်တကျ ဖော်ဆောင်နေပြီဖြစ်ပါကြောင်း၊ အိမ်ရာများဆောက်လုပ်ရာတွင် နေထိုင်မည့်သူများကိုယ်တိုင် ပါဝင်ဆောက်လုပ်၍ အခကြေးငွေရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ကဏ္ဍအတွက် အထောက်အကူရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်(National Verification Card) ထုတ်ပေးရေးအစီအစဉ်အား အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ၂၀၁၂ခုနှစ်အတွင်း တည်ဆောက်ခဲ့သော ယာယီကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ဘက်ပေါင်းစုံမှ အားလုံးပူးပေါင်းပါဝင်နိုင်ရေးနှင့် အကျိုးထိရောက်မှုရှိစေရေး လမ်းညွှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter