လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီးမှ လာရောက် တွေ့ဆုံ

 နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၅   

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti (၂.၂.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ရခိုင်ပြည်နယ်တွင် အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ်အသိ အမှတ်ပြုပါကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်၏ ရှုပ်ထွေးမှုကိုနားလည်ပါကြောင်း၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းတိုးတက်မှုဖြစ်စဉ်များ၊UEHRD၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပူးပေါင်းကူညီနိုင်မည့် နည်းလမ်းများ၊ အီတလီနိုင်ငံမှ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် Emergency အဖွဲ့မှ ရခိုင်ပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ ဆန်းစစ်ရန်လာရောက်လိုသည့်ကိစ္စများကို မေးမြန်း ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအား အကောင်အထည်ဖေါ်လျက်ရှိပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်ညှိနှိုင်းလျက်ရှိပါကြောင်း၊ နိုင်ငံအတွင်းနေထိုင်ခွင့် အထောက်အထားNVC (National Verification Card) ကိုင်ဆောင်ထားခြင်းဖြင့် လွတ်လပ်စွာသွားလာခွင့်အား ဥပဒေအရရရှိနိုင်ရေး၊ ကန့်သတ်ချက်များလျော့ချနိုင်ရေးနှင့် ကျန်းမာရေးနှင့် ပညာရေး လက်လှမ်းမှီရေး သက်မွေးဝမ်းကျောင်းလုပ်ငန်းများအား လွတ်လပ်စွာလုပ်ကိုင်နိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ထားရှိပါကြောင်း၊ UEHRD အစီအစဉ်ဖြင့် လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ရေးနှင့်ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကောင်အထည် ဖေါ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအဖွဲ့(၉)ဖွဲ့မှတဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စီးပွားရေးဇုန်များ တည်ထောင်ရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများစီစဉ် ဖွင့်လှစ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် သတင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးစနစ်တို့ကို စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သတင်းမီဒီယာများနှင့်သံတမန်များ သွားရောက်လေ့လာနိုင်ရန်လည်း စီစဉ်ထား ရှိပါကြောင်းပြောကြားပြီး အီတလီနိုင်ငံမှ ရခိုင်ပြည်နယ်ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် Emergency အဖွဲ့၏ ရခိုင်ပြည်နယ်ခရီးစဉ်နှင့် စပ်လျဉ်း၍ UEHRD မှတဆင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ပါသည်။

FacebookTwitter