မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး H.E Mr. Ichiro MARUYAMA နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် IDPစခန်းများပိတ်သိမ်းရေးကိစ္စရပ်များ လေ့လာခဲ့မှုများတင်ပြဆွေးနွေး

ရခိုင်ပြည်နယ်၊ စစ်တွေ၊၂၀၁၈ခုနှစ်၊မေလ ၂၉ရက်   

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒေါက်တာဝင်းမြတ်အေး သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ (၂၈.၅.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့်အတူ ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဂျပန်သံအမတ်ကြီးက မိမိ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် အထူးပင် ကျေးဇူး တင်ရှိ‌ကြောင်း၊ နေရပ်စွန့်ခွာကြသူများ ပြန်လည်လက်ခံရေးအစီအစဉ်သည် အမှန်တကယ် ခက်ခဲ သည်ကို မိမိအနေဖြင့် နားလည်ပါကြောင်း၊ လှဖိုးခေါင်ကြားစခန်းတွင် ပြန်လည်ဝင်ရောက်လာသည့် သူများနှင့် တွေ့ဆုံစကားပြောခွင့်ရခဲ့ပါကြောင်း၊ တွေ့ဆုံခဲ့ရာတွင် အဓိကအနေဖြင့်နိုင်ငံသား ဖြစ်ခွင့်ကိစ္စ၊ လွတ်လွပ်စွာသွားလာခွင့်ကိစ္စ၊ ကျောင်းသူ ကျောင်းသားများ တက္ကသိုလ် တက်ရောက်ခွင့် ကိစ္စနှင့် လူခြုံရေးဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပါကြောင်း၊  မိမိ၏ ခရီးစဉ်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ရခိုင်ပြည်နယ်သို့ လူကိုယ်တိုင် လာရောက်ပြီး နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  ကြုံတွေ့နေရသော အခက်အခဲများကို အတူတကွရင်ဆိုင်‌ြဖေရှင်းသွားမည်ဖြစ်ကြောင်းသိရှိရသဖြင့်အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊နိုင်ငံသားဖြစ်မှုအနေ ဖြင့် ၁၉၈၂ခုနှစ်၊နိုင်ငံသားဥပဒေနှင့်အညီအဆင့်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှုလုပ်ငန်းစဉ် လျင်မြန်စေရေးအတွက် ကြိုးစားဆောင်ရွက်ရာတွင် မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ရာ၌ ကြုံတွေ့နေရသော အခက်အခဲများ ဖြေရှင်းဆောင်ရွက်လျက်ရှိနေကြောင်း၊ လွတ်လပ်စွာ သွားလာခွင့်အနေဖြင့် ဥပဒေနှင့်အညီNV ကတ် ကိုင်ဆောင်ထားပါက မောင်တောခရိုင်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါသွားလာခွင့်များနှင့်ပတ်သတ်၍ မြေပြင်တွင် အဟန့်အတား အခက်အခဲမရှိစေရေးနှင့် တရားမဝင် ဆောင်ရွက်မှုများ မရှိရလေအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တက္ကသိုလ်တက်ရောက်ခွင့်များ အနေဖြင့် ဥပဒေနှင့်အညီ NVကတ်ကိုင်ဆောင်သူ များသည် မိမိ၏အရည်အချင်းပေါ် မူတည်ပြီး တက်ရောက်ခွင့်ရရှိရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရာတွင် ခွဲခြားထားမှု မရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊လုံခြုံရေးအနေဖြင့်လည်းတရားဥပဒေစိုးမိုးရေးကိုအဓိကထားဆောင်ရွက်လျက်ရှိ ကြောင်း၊နိုင်ငံတော်သမ္မတ၏မိန့်ခွန်းတွင်လည်းတရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ပထမ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မိန့်ကြားခဲ့ပြီး ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးနှင့် ပူးပေါင်းကူညီ အားဖြည့်မှုများအတွက် ဂျပန်နိုင်ငံ အစိုးရအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်နယ်အစိုးရ အနေဖြင့် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းကာ ဆောင်ရွက်ချက်များကို နိုင်ငံတကာမှ မှန်ကန်စွာ မြင်စေလိုပါကြောင်း၊ တဖက်နိုင်ငံသို့ ရောက်ရှိနေသူများအကြား လွဲမှားစွာ ပြောဆိုမှုများ ရှိနေပါကြောင်း၊ နိုင်ငံတကာက  အမှန်မမြင်နိုင်ပါက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များသည် ဆက်လက်ခက်ခဲ နေမည်ဖြစ်ပါကြောင်း၊ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့်လည်း အကြမ်းဖက် အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုမှ ကင်းဝေးရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အဆိုပါ ကိစ္စရပ်များနှင့်  စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter