ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ဥရောပသမဂ္ဂအဖွဲ့၏ Director for Asia, Central Asia, the Middle East and the Pacific ဖြစ်သူ Mr. Pierre Amilhat ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇွန် ၁၉

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပသမဂ္ဂအဖွဲ့၏ Director for Asia, Central Asia, the Middle East and the Pacific ဖြစ်သူ Mr. Pierre Amilhat ဦးဆောင်သောအဖွဲ့က  ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်ရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး စသည့်ဦးစားပေး ရည်မှန်းချက် များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်နေမှုများအား အသိပေးဆွေးနွေးခဲ့ပါသည်။

          ဥရောပကော်မရှင်မှ Mr. Pierre Amilhat ကလည်း မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလ  သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့နှင့် နားလည်မှုစာချွန်လွှာရေးထိုးနိုင်ခြင်းသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး မြန်မာ အစိုးရ၏ ဆောင်ရွက်မှုကို ဥရောပကော်မရှင်က အသိအမှတ်ပြုပါကြောင်း၊ ရခိုင်ပြည်နယ်သာမက ထိုင်း-မြန်မာ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရာက်လာမည့် မြန်မာနိုင်ငံ သားများအတွက်လည်း ဥရောပသမဂ္ဂမှ ဆက်လက်ကူညီရန်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လက်ရှိဆောင်ရွက်နေသော National Vercification လုပ်ငန်းစဉ်၏ တိုးတက်မှုပမာဏနှင့် NVC ကိုင်ဆောင်သူများ လက်တွေ့ဒေသအဆင့်တွင် လွတ်လပ်စွာသွားလာခွင့် ရရှိရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးအတွက် လုံခြုံရေး၊  အလုပ်အကိုင်အခွင့်အလမ်းနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်း ဖန်တီးပေးနိုင်မှုကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများပိတ်သိမ်းပါက စခန်းတွင်းနေသူများအတွက်သာမက ဒေသခံများအတွက်ပါ ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုး ရေးအစီအစဉ်များ လိုအပ်မည်ဖြစ်ပြီး ဥရောပကော်မရှင်အနေဖြင့် Cash for Work အစီအစဉ်များအတွက် ကူညီပေးနိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

FacebookTwitter