မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အတွက် အမျိုးသားမူးယစ်ဆေးဝါး မူဝါဒကို ထုတ်ပြန်ကြေညာပြီးဖြစ်သဖြင့် မူးယစ်ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက် အကောင်အထည်ဖော်နိုင် ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုသဖြင့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ (၂၆-၆-၂၀၁၈)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတမိန့်ကြားခဲ့သည့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနက်မှ တစ်ခုဖြစ်သော မူးယစ်ဆေးဝါးသုံးစွဲသူ များကို ဆေးကုသပေးရန်၊ ပြန်လည်ထူထောင်ပေးရန်၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည် ပေါင်းစည်းနိုင်ရန် ပရဟိတအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်များအားလုံး စိတ်ရှည်ခြင်း၊ ဇွဲရှိခြင်း၊ ကိုယ်ကျိုးစွန့်လွှတ်ခြင်းများဖြင့် ဆောင်ရွက်ရန်လည်းလိုအပ်ကြောင်း၊ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် ရန်ပုံငွေတစ်ရပ် ထူထောင် နိုင်ရေး၊ မူးယစ်ဆေးဝါးသံသရာ မလည်စေရန်အတွက် သက်မွေးဝမ်းကြောင်း လုပ်ငန်းများကို တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးနိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နည်းစနစ် တကျ သင်ကြားလေ့ကျင့်ပေး နိုင်သည့် ဝန်ထမ်းနှင့်စေတနာရှင်လူငယ်များ မွေးထုတ်ပေးနိုင်ရေး၊ ရှေ့လုပ်ငန်းစဉ်များအတွက် ကောင်းမွန်သောစီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးအသင်း (မန္တလေး)တို့မှ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မူးယစ်ပြန်လည်ထူထောင်ရေးဆရာဖြစ်သင်တန်းနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်သူ သင်တန်းများတွင် အသုံးပြုရန် နိုင်ငံတကာလမ်းညွှန်များနှင့် လိုက်လျောညီထွေဖြစ်ပြီး မိမိနိုင်ငံနှင့်သင့်လျော်မည့် သင်တန်းလက်စွဲ၊ လမ်းညွှန်ပြုစု ထုတ်ဝေ အသုံးပြုနိုင်ရေးနှင့် ယခုကာလတိုအတွင်းဖွင့်လှစ်မည့် စွမ်းရည်မြှင့်သင်တန်းများအတွက် ဆက်လက်ညှိနှိုင်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုကော်မတီဝင်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းနှင့် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း (မန္တလေး)တို့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။