လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
၂၀-၇-၂၀၁၇ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး ထိန်းသိမ်းမြေ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးပြီး အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် အပင်များနှင့် အရိပ်ရပင်များဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုး၊ မဟောဂနီပင်များကို သတ်မှတ် နေရာများတွင် စိုက်ပျိုးကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သတ်မှတ်နေရာများတွင် ဝန်ထမ်းများ သစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုပြီး "စိုက်ပျိုးရာတွင် ရှင်သန်အောင် စိုက်ပျိုးကြ ရန်လို ကြောင်း၊ ပုံမှန်ပြန်လည် စစ်ဆေးထိန်းသိမ်းပြုစုမှုလိုအပ်ကြောင်း၊ ဝန်ထမ်းများ အလှည့်ကျ တာဝန်ယူ၍ အပင်များရှင်သန်စေရေး ဆောင်ရွက်မှသာ စိုက်ပျိုးရ ကျိုးနပ်မည်ဖြစ်ပြီး အကျိုးဖြစ်ထွန်းမှု ရရှိမည်" ဖြစ်ကြောင်းမှာကြားခဲ့ပါသည်။
ယခုနှစ်မိုးရာသီတွင် ကျွန်း(၁၁၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ မဟော်ဂနီ(၁၁၀)ပင် တို့ကို စိုက်ပျိုးခဲ့ပြီး ယခင်နှစ်များက စိုက်ပျိုးခဲ့သောသစ်ပင်များ၏ ဖြစ်ထွန်းနေမှုများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။