ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးတွင် ပြည်သူများ ပူးပေါင်း ပါဝင် လှူဒါန်း
၁၂.၈.၂၀၁၈၊ ရန်ကုန်
အမျိုးသား သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမ ှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်သည့် ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အလှူငွေများ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ရေဘေးသင့် ဒဏ်ခံခဲ့ရသော ဒေသများ အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ရေး အတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အောက်တွင် ဘေးသင့် ဒေသများ အမြန်ပြန်လည် ထူထောင်နိုင်ရေး ညှိနှိုင်းမှု အဖွဲ့ကို ဖွဲ့စည်းထားပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အားသွန် ခွန်စိုက် ဆောင်ရွက် လျက်ရှိကြောင်း၊ အစိုးရ အနေဖြင့် သဘာဝဘေး ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် လူမှု အဖွဲ့အစည်းများ၊ ပြည်သူများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော သဘာဝဘေးများသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ် လျက်ရှိပြီး ဘေးအန္တရာယ် ဖြစ်နိုင်မှု အများဆုံး နိုင်ငံများတွင်လည်း ပါဝင်နေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ပြည်သူများ ကြိုတင်ပြင်ဆင်၍ ရင်ဆိုင်နိုင်ရန် ဆောင်ရွက်သကဲ့သို့ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပေးမှုများသာမက ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပြည်သူလူထုများ၊ လူမှု အဖွဲ့အစည်းများက ယခုလို ပူးပေါင်း ဆောင်ရွက်မှုများ၊ လှူဒါန်းမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့ထံမှ ပြည်သူ့ဆီသို့ အလေအလွင့် မရှိစေဘဲ ရေဘေးသင့် ဒဏ်ခံခဲ့ရသော ဒေသများသို့ ရောက်ရှိစေရန် အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယခု အခမ်းအနားတွင် ရန်ကုန်-ယူနန် လူမှုကူညီရေး အသင်း (လှိုင်မြို့နယ်) အမျိုးသမီးအဖွဲ့က အလှူငွေ ကျပ်သိန်း(၂၀၀)၊ Hydrodynamic Industrial (Myanmar) ကုမ္ပဏီက ငွေကျပ် (၉၅)သိန်း တန်ဘိုးရှိ သက်ကယ်အကျႌနှင့် ဒဏ်ကြေ လိမ်းဆေးများ၊ မေတ္တာပျိုးခင်း ဖောင်ဒေးရှင်းက ငွေကျပ် သိန်း(၃၀)၊ ရွှေပိုင်ထိုက်ကုမ္ပဏီ ဥက္ကဌဦးရွှေထူးက ငွေကျပ်(၁၀)သိန်း၊ ၁၉၈၃-၁၉၈၈ ဆေးတက္ကသိုလ်(၂) ကျောင်းသား၊ ကျောင်းသူများက ငွေကျပ်(၁၀)သိန်း၊ ဒေါက်တာ ဝင်းဆန်း+ ဒေါက်တာ တင်ရတနာအောင် မိသားစုက ငွေကျပ် (၅)သိန်းတို့အား အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။