ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကောင်အထည် ဖော်ဆောင်သော လုပ်ငန်းများတွင် ကုလသမဂ္ဂ၏ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
၁၃-၈-၂၀၁၈၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်များ အကောင်အထည် ဖော်ရာတွင် ကုလသမဂ္ဂ၏ ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hilton Hotel ၌ ကျင်းပခဲ့ရာ ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာန အသီးသီးက အဆင့်မြင့်အရာရှိများ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူများ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအနေဖြင့် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အကြံပြုချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နေသည်မှာ (၁)နှစ်နီးပါး ရှိနေပြီ ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈)ချက် အနက် အချက်(၈၀)ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ မူဝါဒ၊ တည်ဆဲ ဥပဒေများနှင့်အညီ တည်ငြိမ်အေးချမ်းရေးကို အလေးထားပြီး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်ရန် အတွက် အရေးကြီးဆုံး အချက်မှာ တည်ငြိမ်အေးချမ်းမှု ရှိရေးပင် ဖြစ်ပါကြောင်း၊ ကော်မတီ၏အကြံပြုချက်အများစုသည် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှု သဟဇာတ ဖြစ်ရေးကို ဦးတည် ပါကြောင်း၊
အေးချမ်း တည်ငြိမ်ရေး အတွက် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးသည့် အချက် ဖြစ်ပါ ကြောင်း၊ တရား ဥပဒေ စိုးမိုးရေးကို မြှင့်တင်ရန် အတွက် လုံခြုံရေး ကဏ္ဍတွင် ပြည်သူ ပူးပေါင်း ပါဝင်သော ရဲလုပ်ငန်းစဉ် အဆင့်မြှင့်တင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့များ အနေဖြင့် နိုင်ငံ တကာ၏ အလေ့အထ ကောင်းများ၊ စံနှုန်းများနှင့်အညီ တရားဥပဒေ စိုးမိုးရေး မြှင့်တင်မှုကို လုံခြုံရေး တပ်ဖွဲ့များ ပိုမို နားလည်လာစေရန် ထောက်ပံ့ပေးသည့် လုပ်ငန်းများ တွင် ပူးပေါင်း ဆောင်ရွက် စေလိုပါကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ဆောင်ရွက်မှုတွင်လည်း အကြံဉာဏ်များနှင့် အကူအညီများ ပေးစေ လိုပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ပြန်လည် ပေါင်းစည်းရေး၊ ငြိမ်းချမ်းရေး၊ အေးချမ်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဖြေရှင်းရန် အတွက် ပြည်တွင်း လုပ်ငန်း၏ အခန်းကဏ္ဍ တစ်ရပ် အဖြစ် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊
ဒုက္ခသည်များအား ပြန်လည် ခေါ်ဆောင်ရေးအတွက် မြန်မာနိုင်ငံနှင့် UNDP ၊ UNHCRတို့ အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး အစည်းအဝေးများ ကျင်းပကာ ရခိုင် ပြည်နယ်သို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည် ဝင်ရောက် လာသူများအား နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ပြန်လည် နေရာချထားရန် ဆောင်ရွက် နေပါကြောင်း၊ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ရေရှည် တည်မြဲမည့် အဖြေရရှိရေး ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အကြံပြုချက်များထဲမှ တိုင်းပြည်အတွက် အကျိုးရှိမည့် အချက် များအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊
ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ အနေဖြင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများအပေါ် ပူးပေါင်း ဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ ဒီကနေ့ ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ ထိရောက်သည့် ရလဒ်များ ထွက်ပေါ်လာစေဖို့ မျှော်လင့်ပါကြောင်း၊ အကောင်းဆုံး ဖြစ်စေဖို့ ဆန္ဒပြုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပခဲ့ရာ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် အသီးသီး ဆွေးနွေးခဲ့ကြပြီး ညနေပိုင်းတွင် အလုပ်ရုံ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။