ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
၁၆-၈-၂၀၁၈ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကော်မတီ၏အကြံပေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို Hilton Hotel နေပြည်တော်၌ ယနေ့မနက် (၁၀)နာရီခွဲတွင် ကျင်းပရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီပူးတွဲဥက္ကဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ H.E . Professor Dr.Surakiart Sathirathaiနှင့် အကြံပေးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက် ကြပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ H.E . Professor Dr.Surakiart Sathirathai က ပြောကြားရာတွင် ယနေ့ တွေ့ဆုံဆွေးနွေးရခြင်းသည် မိမိတို့အကြံပေးအဖွဲ့၏ အကြံပြုချက်များပါဝင်သည့် နောက်ဆုံးအကြိမ် အစီရင်ခံစာစာအုပ်ကို လွှဲပြောင်း ပေးအပ်လိုသောကြောင့် ဖြစ်ပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် ယခုနှစ် ဇန်နဝါရီလမှစ၍ လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးအစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ရခိုင်ပြည်နယ် အကြံပြုချက်များဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပိုမိုပူးပေါင်း ဆောင်ရွက် လာနိုင်စေရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး အစိုးရအနေဖြင့် UNDP , UNHCR တို့ဖြင့် နားလည်မှု စာချွန်လွှာရေးထိုးလျက် လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည့်အတွက်လည်း များစွာဝမ်းမြောက်မိပါကြောင်း ၊ ယခုအခါ နောက်ဆုံးအကြိမ် အစီရင်ခံ စာတင်သွင်းပြီး ဖြစ်သည့်အတွက် မိမိတို့၏ လုပ်ငန်းတာဝန်များ ပြီးမြောက်ပြီဖြစ်ပြီး အကြံပေးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် အောင်မြင်ချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကြံပေးအဖွဲ့၏ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အကြံပြုချက်များကို ထည့်သွင်းစဉ်းစားလျက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကောင်းမွန်သော ရလဒ်များ ရရှိခဲ့တာကို တွေ့ရပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ၏ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)တို့နှင့်လည်း နားလည်မှု စာချွန်လွှာ ရေးထိုးထားရှိ ပါကြောင်း၊ နားလည်မှု စာချွန်လွှာပါ လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ရေးကော်မတီ၏ အကြံပြုချက် အကောင်အထည်ဖော်ရေး လုပ်ငန်းများတွင် ကုလသမဂ္ဂအဖွဲ့များ၏ ပါဝင်ပူးပေါင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို (၁၃-၈-၂၀၁၈) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန UNHCR၊ WFP အဖွဲ့များအပြင်၊ ကြက်ခြေနီအဖွဲ့များအနေဖြင့် ကြက်ခြေနီ လှုပ်ရှားမှုအသွင်ဖြင့် လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ အခြေခံမူများနှင့်အညီ ကူညီထောက်ပံ့ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကိုလည်း နိုင်ငံတကာနှင့် ပြည်တွင်းမှ ပညာရှင်များဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ IDP စခန်းများပိတ်သိမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်မှု အနေဖြင့် စခန်း(၃)ခုပိတ်သိမ်းပြီး ကျန်ရှိနေသော စခန်းများအနက် စခန်း(၆)ခုကို ထပ်မံ၍ အမြန်ဆုံး ပိတ်သိမ်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးတစ်လျောက် နယ်မြေလုံခြုံရေးအတွက် နှစ်နိုင်ငံနယ်ခြားစောင့် တပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေရှည်ပဋိပက္ခကင်းဝေးရန် လူမှုသဟဇာတဖြစ်ရေးသည် အရေးကြီးသဖြင့် လူမှုအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုများ၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ကော်မတီ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အကြံပေးအဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများကိုအသိအမှတ်ပြုပါကြောင်းနှင့် ယခု လွှဲပြောင်း ပေးအပ်သည့် အကြံပေးအဖွဲ့၏ နောက်ဆုံးအကြိမ် အစီရင်ခံစာသည်လည်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ထိုင်းနိုင်ငံ Friends in Need (of "Pa") Volunteers Foundation, Thai Red Cross မှ မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသများတွင် အရေးပေါ် အသုံးပြုရန်အတွက် ထိုင်းဘတ်ငွေ (၂)သန်းနှင့်ညီမျှသော အမေရိကန်ဒေါ်လာ (၆)သောင်းကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ H.E . Professor Dr.SurakiartSathirathai က ပေးအပ်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပါ သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးကျော်တင့်ဆွေ ၊ ဦးသောင်းထွန်း၊ ဒေါက်တာ ဝင်းမြတ်အေး ၊ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ ဥက္ကဌ H.E . Professor Dr.Surakiart Sathirathai နှင့် အဖွဲ့ဝင်များကို Hilton Hotel တွင် နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။