ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် နိဒင်IDPစခန်းအားအပြီးသတ်ပိတ်သိမ်း
စစ်တွေ၊ သြဂုတ်၁၉ရက်
ရခိုင်ပြည်နယ် အတွင်းရှိ IDPစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ကျောက်တော်မြို့နယ်၊ နိဒင်IDP စခန်းပိတ်သိမ်းနိုင်ရေး အတွက် နိဒင်ကျေးရွာ အနီးတွင် နေအိမ်သစ် (၈၅)လုံး ဆောက်လုပ်ပြီးဖြစ်၍ ရခိုင်ပြည်နယ် အစိုးရက စနစ်တကျ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ရာ ယခုအခါ အိမ်ထောင်စု အားလုံး ပြောင်းရွှေ့ပြီး ဖြစ်ပါသည်။ ထိုစခန်းတွင် အိမ်ထောင်စု (၈၅)စု လူဦးရေ (၅၈၀) ကျော်ရှိပြီး၊ ၂၀၁၂ခုနှစ် ပဋိပက္ခ ဖြစ်စဉ်များ အပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခင်က ရခိုင်ပြည်နယ်တွင် IDP စခန်း (၂၁) ခုကျန်ရှိနေပြီး ၂၀၁၇ ခုနှစ်အတွင်း ကျောက်ဖြူမြို့နယ်ရှိ ကညင်တော IDP စခန်း၊ ရမ်းဗြဲမြို့နယ်ရှိ တန်းရွာ IDP စခန်းများ အပြီးပိတ်သိမ်းနိုင်ခဲ့ပြီး ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင် IDP စခန်းအား တစ်စိတ်တပိုင်း ပိတ်သိမ်းနိုင်ခဲ့ကာ ကျေးရွာများတွင် ပြန်လည် နေရာချထား ပေးခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် IDPစခန်း (၁၈)ခုသာ ကျန်ရှိပြီး ၎င်းတို့အထဲမှ မြေပုံမြို့နယ်ရှိ တောင်ပေါ်IDPစခန်းအား ပိတ်သိမ်းလျက်ရှိပြီး၊ စစ်တွေမြို့နယ်ရှိ သက္ကေပြင် IDPစခန်း၊ ခေါင်းဒုက္ကာ (၁)နှင့်(၂) IDPစခန်း၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးIDPစခန်းများ ပိတ်သိမ်းနိုင်ရန် အတွက်လည်း ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။