တနင်္သာရီတိုင်းဒေသကြီးအတွင်း ထောက်ပံ့ခြင်းနှင့် ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်

သြဂုတ် ၂၁၊ မြိတ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန် ဆောင်ရွက်နိုင်ရေးညှိနှိှုင်းခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ရောက်ရှိခဲ့ပါသည်။

တနင်္သာရီတိုင်း ဒေသကြီးတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသို့ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မသန်စွမ်းသူများနှင့် ရေဘေးသင့်ဒဏ်ခံနေရသည့် ပြည်သူလူထုများကို ထောက်ပံ့ကြေးငွေပေးအပ်ခြင်းများ ဆောင်ရွက်ရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့်  မသန်စွမ်းသူများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပြီး မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ ဥပဒေ၊ နည်းဥပဒေများချမှတ်ပြီး မသန်စွမ်းရန်ပုံငွေ တစ်ရပ်ထူထောင်ရေး ကြိုးပမ်းခြင်းများ ဆောင်ရွက်ခြင်းနှင့် မဟာဗျူဟာစီမံချက်ရေးဆွဲ၍ မသန်စွမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် ပါဝင်ဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေးများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများကို မသန်စွမ်းအဆင့်သတ်မှတ်ထားရှိပြီး ပုံမှန်ထောက်ပံ့မှုများပြုနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ပြောကြားပြီး ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်အတွင်းရှိ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ(၄၇)ဦးအတွက် ထောက်ပံ့ငွေကျပ်(၉၄)သိန်းကို ပေးအပ်ခဲ့ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကိုယ်စားလှယ်(၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် မြိတ်မြို့မှ အမြန်ရေယာဉ်ဖြင့် တနင်္သာရီမြို့သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ အမှာစကားပြောကြားရာ ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ဆောင်ရွက်နေပါကြောင်း၊ ပျက်စီးဆုံးရှုံးသွားသည့် လယ်ယာမြေများ၊ စိုက်ပျိုးသီးနှံများ အမြန်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရန်ရှိပါကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်ချက်များကို စာရင်းဇယားများ အချိန်မီ ကောက်ယူ၍ အမြန်ဆုံး တင်ပြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

         ထို့နောက် တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ဖြည့်စွက်တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ တနင်္သာရီမြို့နယ်အတွင်းရှိ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ(၃၉)ဦးအတွက် ထောက်ပံ့ငွေ (၇၈) သိန်းနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေကျပ် သိန်း(၃၀၀)ကျော်ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး မြို့မိမြို့ဖ (၁)ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါ သည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တနင်္သာရီမြို့အတွင်းရှိ ရေကြီးနစ်မြုပ်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု့ပြီး တနင်္သာရီခန်းမနှင့် ချောင်းငယ်ရပ်ကွက် ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်ကာ အားပေးစကားပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ကလေးငယ်များအတွက် မုန့်များထောက်ပံ့ပေးခဲ့ပါသည်။

         ဆက်လက်၍ချောင်းကြီးရပ်ကွက် ယာယီရေဘေးကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိပြီး အားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ကလေးများအတွက် မုန့်များ ထောက်ပံ့ပေးခြင်း၊ ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသည့် ကလေးပျော်နေရာသို့ ကြည့်ရှုခဲ့ခြင်း၊  ကျောင်းတိုက်ဆရာတော်အား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး၊ ကယ်ဆယ်ရေး စခန်းအဖြစ် အသုံးပြုနေရသည့် ချောင်းကြီ်းကျောင်းတိုက်အတွင်း (၅)ခန်းတွဲ သန့်စင်ခန်း ဆောက်လုပ်ရန်အတွက် ထောက်ပံ့ငွေ ကျပ်(၂၀)သိန်းကို ပေးအပ်ခဲ့ရာ ကျောင်းအကျိုးတော်ဆောင်က လက်ခံရယူခဲ့ပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မြိတ်ခရိုင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ရေဘေးသင့် ဒေသများ ကူညီထောက်ပံ့နိုင်ရေးနှင့် အမြန်ပြန်လည် ထူထောင်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

         ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနက တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter