ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် (UEHRD) ပြည်ထောင်စုစီမံကိန်းသို့ Mobile Medical Clinic ရွေ့လျားဆေးကုသခန်းလှူဒါန်း

ရန်ကုန်- သြဂုတ် ၂၆

          ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာ ချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)သို့ International Language & Business Center (ILBC)Co. Ltdနှင့်Care Well Medical Co. ltdတို့ပူးပေါင်းပြီး ရူပါသိဒ္ဓိ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံတွင် ထုတ်လုပ်ထားသည့် Mobile Medical Clinic ရွေ့လျားဆေးကုသခန်း လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန်(၁)ရူပါသိဒ္ဓိ လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံဝင်း အတွင်း၌ ကျင်းပသည်။

          အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြင့်ထွေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် UEHRD သည် ရည်ရွယ်ချက် (၃)ခုကို အကောင်အထည်ဖော်မည့် ပြည်ထောင်စု စီမံကိန်းဖြစ်ပါကြောင်း၊ လူသားချင်းစာနာထောက် ထားမှုများလည်း ပါဝင်ပါကြောင်း၊ လူသားချင်း စာနာထောက်ထားမှုသည် လိုအပ်သည့် စားနပ်ရိက္ခာ ဝေပေးရုံ ဖြည့်ဆည်းပေးရုံသာမကပညာရေး၊ ကျန်းမာရေးကဏ္ဍ အဓိကပါဝင်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကျန်းမာရေးနှင့် ပတ်သက်၍ အားလုံးကိုလွှမ်းခြုံနိုင်ရန် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် Mobile Medical Clinicများ လိုအပ်လာပြီး လိုအပ်ချက်များကို ပြည်သူလူထုကလည်း သတိထားမိလာပါကြောင်း၊ လိုအပ်နေသည့် Mobile Medical Clinic နှင့်ပတ်သက်ပြီး ပြည်သူက ပြည်သူကို ပြန်ပြီးမျှဝေပေးသည့် စနစ်ပုံစံအတိုင်း နိုင်ငံသူ နိုင်ငံသားများ ပါဝင်ပြီး ဆောင်ရွက်ပေးနေကြကြောင်း Mobile Medical Clinic အနေဖြင့် အသုံးဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်ပေါ်လာမည်ဖြစ်ပါ ကြောင်း။

          ရခိုင်ပြည်နယ်တွင် မနေသော်လည်းရခိုင်ပြည်သူ ပြည်သားများအတွက် အကျိုးရှိစေမည့် လုပ်ငန်းများကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီရန် UEHRD ကိုတည်ထောင်ထားခြင်း ဖြစ်သည့်အတွက် UEHRD ၏ ရည်ရွယ်ချက်များလည်းအောင်မြင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတွင်းမှာရှိသည့် နိုင်ငံသူ နိုင်ငံသားများသာမက ပြည်ပရောက်နေသည့် နိုင်ငံသူနိုင်ငံသားများ၏ ပါဝင်ပံ့ပိုးမှုသည် UEHRD ကိုအထောက် အပံ့ပြုနေပါကြောင်းပြောကြားသည်။

          ထို့နောက် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေး မှူးချုပ် ဒေါက်တာအောင်ထွန်းသက်ကရခိုင်ပြည်နယ်တွင် လွန်စွာအေးချမ်းသာယာသည့် ငပလီရှိသကဲ့သို့ လွန်စွာ မြတ်နိုးစရာကောင်းသည့် မြောက်ဦးမြို့လည်းရှိပါကြောင်း။

          ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ၊ အခက်အခဲများဖြစ်နေသည်ကိုမကြည့်ဘဲရခိုင်ပြည်နယ်မှာရှိသည့် အခွင့်အလမ်းများနှင့် အလားအလာကောင်းများကို ကြည့်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်းရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးမှုတွင် ပါဝင်စေလိုပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သားငါးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများရှိပါကြောင်း၊ UEHRD ကိုအကောင်အထည် ဖော်ရာတွင် ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာမှု အခြအနေများသာမကအရေးကြီးဆုံးဖြစ်သည့် ဖွံ့ဖြိုးမှုအတွက် စီးပွားရေးတိုးတက်ရန် လုပ်ဖို့လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာရင်ဆိုင်နေရသည့် အခက်အခဲများကိုကျော်လွှားနိုင်မည်ဟုယုံကြည်ပါကြောင်း၊ စီးပွားရေးတွင်လည်းဘက်စုံဖွံ့ဖြိုးမှု လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်သည် အခြေခံကောင်းများရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် UEHRD သို့ နည်းလမ်းမျိုးစုံဖြင့် ကူညီနိုင်ပြီးရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်စေလိုပါ ကြောင်းပြောကြားသည်။

          ယင်းနောက် ILBC Co. Ltd မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင်ဝင်းက Mobile Medical Clinic နှင့် ရူပါသိဒ္ဓိ လျှပ်စစ်ကား လှူဒါန်းရခြင်းရည်ရွယ် ချက်ကိုရှင်းလင်းပြောကြားပြီးCare Well Medical Co. ltd မန်နေဂျင်းဒါရိုက်တာဒေါက်တာမူယာညွန့် က Mobile Medical Clinic အကြောင်းရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ILBC Co. Ltd မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းကMobile Medical Clinic နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးကဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကMobile Medical Clinic နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးထံ ပြန်လည်လွဲှပြောင်းပေးအပ်သည်။

          ယင်းနောက် ILBC Co. Ltd မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)သို့လှူဒါန်းသည့် ရူပါသိဒ္ဓိလျှပ်စစ်ကားစက်ရုံတွင်ထုတ်လုပ်သည့် လျှပ်စစ်ကားနှင့်သက်ဆိုင်သည့် စာရွက် စာတမ်းများကိုအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) Head of Supportive Group ဦးအေးလွင်ထံလွှဲပြောင်းပေးအပ်သည်။

          ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တက်ရောက်လာသူများကစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် Mobile Medical Clinic (ရွေ့လျားဆေးကုသခန်း) အတွင်းကျန်းမာရေးအထောက်အကူပြု ပစ္စည်းများတပ်ဆင်ထားရှိမှုကိုလှည့်လည် ကြည့်ရှုကြသည်။

          ယနေ့ကျင်းပသည့် UEHRD ပြည်ထောင်စုစီမံကိန်းသို့ ရွှေ့လျားဆေးကုသခန်း Mobile Medical Clinic လှူဒါန်းခြင်းနှင့်အတူ နိုင်ငံတော်၏ လိုအပ်သောနေရာများတွင် အသုံးပြုရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)သို့ ရူပါသိဒ္ဓိလျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံတွင် ထုတ်လုပ်သည့် KhitsanVmax Series EA4 Station Wagon လျှပ်စစ်ကားကိုလည်းILBCCo,.Ltd မှ လှူဒါန်းခဲ့ကြောင်းသိရသည်။

 

FacebookTwitter