အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သော ဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦများ ဆောက်လုပ်ပေးလျက်ရှိ

သြဂုတ်၂၅၊ ပြည်

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ထားသော သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုကို သွားရောက်ကြည့်ရှုပြီး ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ လိုအပ်ချက်များ ဖြေရှင်း ဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။ အဆိုပါ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦအား ပတ်ဝန်းကျင်ရှိ ကြခတ်ရပ်ကွက်နှင့် မင်းရပ် ရပ်ကွက်တို့မှ အိမ်ခြေ(၇၁၇)မှ လူဦးရေစုစုပေါင်း သုံးထောင်ကျော်ခိုလှုံ နိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်မြို့နယ် ကျွန်းကလေး ရွာတွင် ဆောက်လုပ်ထားသော သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦအားသွား ရောက်ကြည့်ရှု ပြီး ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံကာ အဆိုပါအဆောက်အဦသည် ကျွန်းကလေးကျေးရွာအုပ်စု၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာအုပ်စု၊ ရှားပင်ဇင်းကျေးရွာအုပ်စုနှင့် ကျောက်ထရံကျေးရွာ အုပ်စုတို့မှ ပြည်သူလူထု (၁၀၆၇၇) ဦး သဘာဝဘေးဒဏ်ခိုလှုံနိုင်မည်ဖြစ်ကြောင်းပြောကြားပြီး ဒေသခံ ရွာသူရွာသားများက လိုအပ်ချက်များကို တင်ပြရာပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များက ညှိနှိုင်းဖြေရှင်းပေးခဲ့ကြပါသည်။           

    နိုင်ငံတော်က တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်များအတွင်း သဘာ၀ ဘေးဒဏ်ခံဘက်စုံသုံးအဆောက်အဦ (၉၀)ကျော်ကို လိုအပ်သော တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ဆောက်လုပ်ပေးလျက်ရှိပါသည်။ အဆိုပါအဆောက်အဦးများသည် သဘာဝဘေးဒဏ် ကျရောက်မှု မရှိသော အချိန်များတွင် ရပ်ရွာစာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ မူလတန်းကြိုကျောင်းဖွင့်လှစ်ခြင်း၊ လူငယ် စင်တာဖွင့်လှစ်ခြင်း၊ ကျေးရွာဆေးပေးခန်းဖွင့်လှစ်ခြင်း၊ လူထုအခြေပြု ဗဟိုဌာန ဖွင့်လှစ်ခြင်းများ စသော ဘက်စုံအသုံးပြုနိုင်သည့် ဘေးဒဏ်ခံအဆောက်အဦအဖြစ် အသုံးပြုနိုင်မည်ဖြစ်သဖြင့် ပြည်သူများ တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter