မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းလက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေမည်
ရန်ကုန်၊ သြဂုတ် ၂၈
မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကဦးဆောင်၍ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့နှင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့်ပြုစုထားသော “ မသန်စွမ်း မှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းလက်စွဲလမ်းညွှန်စာအုပ်” အတည်ပြုထုတ်ဝေနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်းကို ရန်ကုန်မြို့ လူမှုဝန်ထမ်းဦးစီးရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဌ ဦးအောင်ကိုမြင့်နှင့် မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ကျော်တို့က လက်စွဲလမ်းညွှန်စာအုပ် ဖြစ်ပေါ်လာပုံအဆင့်ဆင့်နှင့် ကဏ္ဍအလိုက်ပါဝင်သောအကြောင်းအရာတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတည် ပြုချက် ရယူထုတ်ဝေရန် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် အစိုးရက အလေးထားဆောင်ရွက်နေပြီး ယခုလို မသန်စွမ်းသူများနှင့် ပတ်သက်၍ အသုံးအနှုန်းဝေါဟာရလမ်းညွှန်စာအုပ် ဖြစ်မြောက်လာအောင် ပါဝင်ပေးခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ လူတို့နေ့စဉ်သုံးစွဲသော ဝေါဟာရစကားလုံးများတွင် မသန်စွမ်းများ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်စေသောအသုံးအနှုန်းများ ပါဝင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်း ဖြစ်ပေါ်လာရေးတို့ကိုလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။