ဆွာတမံရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အားပေးထောက်ပံ့
သြဂုတ် ၃၀ ၊ နေပြည်တော်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပဲ့ကာရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူမြို့၊ ဆွာမြို့၊ ရေတာရှည်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား အားပေးထောက်ပံ့ မှုများပြုလုပ်ခဲ့ပါသည်။
ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချမ်းမြေ့ဓမ္မဗိမ္မာန် ယာယီရေဘေးရှောင်စခန်းသို့ရောက်ရှိပြီး အားပေးစကားပြောကြားရာတွင် ရေဘေးသင့်ဒဏ် ခံစားနေရသော ပြည်သူများအတွက် အစိုးရကတာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရေဘေးသင့်ပြည်သူအားလုံး အခွင့်အရေးအညီအမျှ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လူဦးရေ (၁၉,၆၄၇)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၄၁,၂၅၈,၇၀၀)အား ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ လသား ကလေးငယ်များ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၄၀,၀၀၀) ထောက်ပံ့ပေးခြင်း နှင့် ကလေးငယ် များအတွက် မုန့်များ ဝေငှ ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေးဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသော မိသာစုထံသို့သွားရောက် နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေကျပ် (၃)သိန်းအား ပေးအပ်ခဲ့ပြီး၊ အုတ်ကျွတ်(၁)၊ အလယ်တန်းကျောင်းရှိယာယီရေဘေးရှောင်စခန်းသို့ သွားရောက်ပြီး အားပေးစကားပြောကြားကာ ၊ ထောက်ပံ့ငွေများပေးအပ်ပြီး ကလေးငယ်များ အတွက် မုန့်များပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့၊ အောင်ချမ်းသာရွာ၊ မယ်ဒက်ကယ် ဘုရားကျောင်းရှိ ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ခဲ့ပြီး အားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ကလေးငယ်များအတွက် မုန့်များပေးအပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနက တာဝန်ရှိသူများလိုက်ပါခဲ့ကြကြောင်းသတင်းရရှိပါသည်။